တရားဝင်ကုန်စည်တွေ ထုတ်ဖို့သာမက မက်သာဖက်တမင်းနဲ့ ဖန်တနောလို မူးယစ်ဆေးဝါးတွေထုတ်ဖို့ပါသုံးနိုင်တဲ့ "နှစ်မျိုးသုံး" ဓာတုပစ္စည်းတွေ စျေးကွက်ထဲမှာ စည်းမဲ့ကမ်းမဲ့ စီးဆင်းမှု မြင့်တက်လာတာနဲ့ ပတ်သက်ပြီး ပိုစိုးရိမ်လာတယ်လို့ မက္ကဆီကိုရေတပ်က တာဝန်ရှိသူတွေက ရိုက်တာကို ပြောပါတယ်။
မက္ကဆီကိုနိုင်ငံဟာ အမေရိကန်နိုင်ငံထဲကရောက်သွားတဲ့ ဖန်တနော အများစုကို ထုတ်နေတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
မကြာသေးမီနှစ်တွေအတွင်း မက္ကဆီကိုဟာ အာရှနိုင်ငံတွေဆီ စိတ်ကြွဆေးတွေ အဓိက တင်ပို့တဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
အစားအသောက်၊ ရေမွှေးနဲ့ ဆေးဝါးတွေလို တရားဝင်ပစ္စည်းတွေကို ထုတ်ဖို့သုံးကြပြီး မက်သ်နဲ့ ဖန်တနောလို မူးယစ်ဆေးအဖြစ်လည်း ပေါင်းစပ်ထုတ်လုပ်လို့ရတဲ့ ကုန်ကြမ်းတွေ တရုတ်နိုင်ငံဆီကနေ အများစုကို တင်သွင်းနေပြီး တင်သွင်းမှု နှစ်ဆတိုးလာတယ်လို့ မက္ကဆီကိုနိုင်ငံရဲ့ အကြီးဆုံး ဆိပ်ကမ်းဖြစ်တဲ့ မန်ဇာနီယိုရှိ ရေတပ်အရာရှိတွေက ပြောပါတယ်။
ရေတပ် အရာရှိတွေက ဓာတုပစ္စည်းတွေကို ထိန်းညှိပေးဖို့ အစိုးရကို တိုက်တွန်းခဲ့ပြီး မက္ကဆီကန်ကုမ္ပဏီတွေက တင်သွင်းတဲ့ ဘယ်တုန်းကမှ ပိုင်ရှင်မပေါ်ဘဲ သိမ်းယူခံထားရတဲ့ ရေစည်ကြီးတွေကို မီးမောင်းထိုးပြဖို့ တောင်းဆိုခဲ့ပါတယ်။
မန်ဇာနီယို ဆိပ်ကမ်းဟာ မက္ကဆီကိုနိုင်ငံဆီ နေ့စဉ်ရောက်လာတဲ့ ကုန်သေတ္တာတွေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးကို လက်ခံရရှိနေတာပါ။
ကုန်ပစ္စည်းတွေရဲ့ ၂ ရာခိုင်နှုန်း လောက်ကို ရုပ်ပိုင်းဆိုင်ရာအရ ရှာဖွေနေပြီး ဆိပ်ကမ်းမှာ ဆိုက်ကပ်တဲ့ သင်္ဘော စုစုပေါင်းရဲ့ ၁၀ ၂ ရာခိုင်နှုန်းလောက် ကို ရှာဖွေကြပါတယ်။
တရားမ၀င် ကုန်ပစ္စည်းတွေအကြောင်း အကြံပြုချက်တွေ ရှိလာတဲ့အခါ ကုန်ပစ္စည်းတွေကို ရာနှုန်းပြည့် ရှာရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မက္ကဆီကို မူးယစ်ဂိုဏ်းတွေဟာ အမေရိကန် ဈေးကွက်အတွက် စိတ်ကြွဆေးပြားတွေကို ကာလအတန်ကြာ ထုတ်လုပ်ခဲ့ကြပေမဲ့ မကြာသေးမီနှစ်တွေအတွင်း သြစတြေးလျ၊ နယ်သာလန်နဲ့ တရုတ်နိုင်ငံတို့လို အဝေးနိုင်ငံတွေဆီ တင်ပို့တာ တိုးလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာ အာဖဂန် နစ္စတန်၊ မြန်မာ၊ ဆီးရီးယားတို့နဲ့ အတူ ထိပ်တန်း စိတ်ကြွဆေးထုတ်လုပ်သူများစာရင်းထဲမှာ မက္ကဆီကိုနိုင်ငံ ပါဝင်ခဲ့ပါတယ်။
Source-Reuters