Home
နိုင်ငံတကာ
လောင်စာဆီသယ်ယာဉ်ဖြင့် စားသုံးဆီသယ်ယူမှု တရုတ်အစိုးရ စုံစမ်း
DVB
·
July 11, 2024
Photo-CCTV

တရုတ်နိုင်ငံတွင်း  စားသုံးဆီတွေကို သယ်ယူတဲ့နေရာမှာ ဓာတုပစ္စည်းသယ်ယူတဲ့ ထရပ်ကားတွေရဲ့ သိုလှောင်ကန်ကို မသန့်စင်ဘဲ သယ်ယူတယ်ဆိုတဲ့သတင်း ထွက်နေပြီးနောက် စားသုံးဆီ ညစ်ညမ်းမှု ဖြစ်စဉကို စုံစမ်းမှုပြုလုပ်မယ်လို့ အစိုးရက ထုတ်ဖော်ပြော ပါတယ်။

ဒီသတင်းဟာ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေပြီး အစားအသောက် ညစ်ညမ်းမှုတွေဖြစ်ပြီး ဘေးအန္တရာယ်ရှိမှာကို လူထုက စိုးရိမ်နေပါတယ်။

ပေကျင်းအခြေစိုက် သတင်းတွေရဲ့ ဖော်ပြချက်အရ စားသောက်ကုန်တင်ပို့တဲ့နေရာမှာ လောင်စာဆီပို့ဆောင်တဲ့ ကားတွေဟာ သိုလှောင်ကန်ကို သန့်စင်ခြင်းမရှိဘဲ စားသုံးဆီ၊ သကြားရည်လိုမျိုး စားသောက်ကုန်တွေကို တင်ဆောင်မှုတွေရှိတယ်လို့ ဖော်ပြပါတယ်။

ဒါဟာ ကုန်ပစ္စည်းတင်ပို့တဲ့ လုပ်ငန်းရဲ့ လျှိုဝှက်ချက် ပေါက်ကြားတာဖြစ်ကြောင်း ကားမောင်းသူတဦးက ပြောတယ်လို့ သတင်းစာတွေက ဖော်ပြပါတယ်။

ဒါဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေဖြစ်ဖို့ တာဝန်ရှိတဲ့ တရုတ်အစိုးရအဖွဲ့အပေါ် ထိုးနှက်ချက်တခု ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒီသတင်းဟာ တရုတ်ပြည် ဆိုရှယ်မီဒီယာမှာ လူစိတ်ဝင်စားမှုအများဆုံး သတင်းတခု ဖြစ်နေပါတယ်။

အစားအသောက်တွေ ဘေးကင်းဖို့က အရမ်းအရေးကြီးတယ်လို့ လူပေါင်း ၈,၀၀၀ ကျော်က ကွန်းမန့်ပေးခဲ့ပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေလည်း ဒီသတင်းကြောင့် တုန်လှုပ်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်က ဆန်လူနို့ရဲ့ နာမည်ပျက်နဲ့ နှိုင်းယှဉ်ပြီး စားဆီကိစ္စကို နှိုင်းယှဉ်ကြပါတယ်။ အဲဒီတုန်းက ဆန်လူနို့ကို သောက်သုံးမိတဲ့ ကလေး ၆ ဦး သေဆုံးခဲ့ပြီး ကလေး ၃၀၀,၀၀၀ ဟာ နာမကျန်းဖြစ်ပွားမှုနဲ့ ကြုံခဲ့ရတာပါ။

အဲဒီတုန်းက နို့စက်ရုံက ဓာတုမယ်လမင်း ရောစပ်မှု များပြားခဲ့တာဖြစ်ပြီး သောက်သုံးသူတွေ အန္တရာယ်ဖြစ်ခဲ့ရပါတယ်။

လောင်စာဆီသယ်တဲ့ကားတွေကို မဆေးဘဲ စားဆီသယ်ဆောင်တဲ့ အဖြစ်အပျက်က ဆန်လူနို့ပြဿနာထက် ပိုဆိုးတယ်လို့လည်း ထောက်ပြကြပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံရဲ့ စားဆီထုတ်လုပ်တဲ့ အဖွဲ့ကြီးတွေကလည်း သတ်မှတ်စည်းမျဉ်းနဲ့မညီတဲ့ သယ်ယူပို့ဆောင်မှုတွေကို ချက်ချင်း ထုတ်ပယ်မယ်လို့ ပြောဆိုထားပါတယ်။

တရုတ်အစိုးရကတော့ စားဆီကိစ္စကို စုံစမ်းမှုနဲ့ အရေးယူမှုတွေ ပြုလုပ်မယ်လို့ ပြောဆိုထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013