Home
မြန်မာသတင်း
စည်းမျဉ်းစည်းကမ်းမလိုက်နာသည့် ဘဏ်များကို အရေးယူမည်ဟု စစ်ကောင်စီ သတိပေး
DVB
·
July 11, 2024
Photo - MOI

မြန်မာပြည်တွင်းရှိ  ပုဂ္ဂလိကဘဏ်တွေရဲ့  တာဝန်ရှိသူတွေကို စစ်ကောင်စီက နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံပြီး   စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာကြဖို့နဲ့  ဖောက်ဖျက်ရင် အရေးယူမယ်လို့  သတိပေးပြောကြားလိုက်ပါတယ်။

နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ နာယကတွေ၊ ဥက္ကဋ္ဌတွေနဲ့  ဘဏ်လုပ်ငန်းဆိုင်ရာတွေ တွေ့ဆုံ ဆွေးနွေးပွဲခေါင်းစဉ်နဲ့ ဇူလိုင် ၁၀ ရက်က နေပြည်တော်မှာ‌တွေ့ဆုံရာမှာ စစ်ကောင်စီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက  ပြောဆိုခဲ့တာလို့  စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဒု-ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက “ဘဏ်တွေရဲ့ လိုအပ်ချက်ကို နိုင်ငံတော်အစိုးရနဲ့ ဗဟိုဘဏ်တို့က ပံ့ပိုးနေသကဲ့သို့ ဘဏ်တွေကလည်း နိုင်ငံတကာစံသတ်မှတ်ချက်တွေနဲ့အညီ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်၊ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စည်းစနစ်နဲ့ ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားကြောင့် လက်ဝါးကြီးအုပ်၊ ဈေးကစားတာတွေကြောင့် အများပြည်သူအကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ပေးရမယ်၊ အလားတူ တည်ဆဲ ဥပဒေ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း တရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်ရဲ့ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေပါက သက်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်သွားမယ်”လို့ ပြောပါတယ်။

ဗဟိုဘဏ်နဲ့ ဘဏ်တွေဟာ သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်ပေမဲ့ အခုအခါ သတ်မှတ်စည်းကမ်း ဖောက်ဖျက်မှုတွေက နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေကို ထိပါးလာလို့ ကြီးကြပ်ဆောင်ရွက်ပေးနေရတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ပြည်သူလူထုအနေနဲ့လည်း မလိုအပ်ဘဲ ငွေကြေးအမြောက်အမြား ထုတ်ယူတာ၊ ကောလာဟလ သတင်းတွေအပေါ် စိုးရိမ်စိတ် လွန်ကဲပြီး ထုတ်ယူတာတွေ မလုပ်ကြဖို့၊  ကတ်စနစ်၊ e - Banking ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး အလေးထားဆောင်ရွက်ဖို့၊ ဝန်ဆောင်မှု အရည်အသွေး အပြည့်အဝရှိတဲ့ ဘဏ်ခွဲတွေ တိုးချဲ့ဖွင့်လှစ်ဖို့လည်း ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက တိုက်တွန်းပါတယ်။

ဘဏ်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူနေတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေမှာ ပြည်သူတွေ ငွေထုတ်ယူမှု များပြားလာနေပြီး  ငွေသားထုတ်ယူရာမှာလည်း   အကန့်အသတ်နဲ့သာ  ငွေထုတ်ပေးနေလို့ အခက်ကြုံနေရတယ်လို့  ဘဏ်မှာ ငွေသွားထုတ်သူတွေထံက သိရပါတယ်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာလင်းအောင်ကတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့  နေ့စဉ် အချိန်နဲ့အမျှ ဘဏ်တွေရဲ့ ငွေသွင်း/ငွေထုတ်၊ အပ်နှံငွေ အခြေအနေတွေကို စောင့်ကြည့် ထိန်းကျောင်းနေတာကြောင့် ပြည်သူတွေအနေနဲ့ ကောလာဟလအပေါ် နားမယောင်ကြဖို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ Digital နည်းလမ်းတွေကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းမှုတွေ၊ သုံးစွဲမှုတွေကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်း ပြောပါတယ်။

ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အိမ်ရာချေးငွေပမာဏ သတ်မှတ်ချက်ထက် ကျော်လွန်ပြီး အိမ်ရာချေးငွေ (housing loan) ထုတ်ချေးခဲ့တဲ့ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ UAB ဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တို့က တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူမယ်လို့ စစ်ကောင်စီက ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီနောက် ရိုးမဘဏ်အပါအဝင် Yoma Strategic လုပ်ငန်းစုရဲ့ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေ (ခ) မစ္စတာဆပ်ချ်ပန်းကို စစ်ကောင်စီက ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေလည်းထွက်လာပြီး ဒီသတင်းမဟုတ်မှန်တဲ့အကြောင်း ကုမ္ပဏီဘက်က တုံ့ပြန်ထားပါတယ်။

ရိုးမဘဏ်ဒါရိုက်တာတွေ ငွေကြေးခဝါချမှုနဲ့ပတ်သက်လို့ စစ်ဆေးမေးမြန်းခံရ၊ ထိန်းသိမ်းခံရ စတဲ့သတင်းတွေဟာ သတင်းမှားသာ ဖြစ်ကြောင်း၊ နိုင်ငံရဲ့ ငွေရေးကြေးရေးကဏ္ဍနဲ့ ငွေကြေးဈေးကွက် မတည်ငြိမ်မှုဖြစ်စေဖို့ ရည်ရွယ် ဆောင်ရွက်တာဖြစ်ကြောင်းနဲ့ ရိုးမဘဏ်အနေနဲ့  မဟုတ်မမှန် သတင်းဖြန့်ချိသူတွေကို တည်ဆဲဥပဒေတွေနဲ့ တရားစွဲဆိုပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013