မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ဆွေးနွေးပွဲမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ဂျာမနီအဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်နဲ့ ဇူလိုင် ၁၀ ရက်က တွေ့ဆုံပြီး ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့ ရှေ့တန်းအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
“ရုရှားရဲ့ ပဲ့ထိန်းဗုံး တင်ဆောင်နိုင်တဲ့ လေယာဉ်တွေနဲ့ ကင်းထောက်ဒရုန်းတွေကို တန်ပြန်ဖို့ ဗျူဟာတွေကို ဆွေးနွေးခဲ့ပါတယ်” လို့ ဇလန်းစကီးက X လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
ယူကရိန်းအရေးကို ဦးဆောင်ဆွေးနွေးတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးက အဓိက အကြောင်းအရာတွေထဲမှာ ပါတယ်လို့ သူက ဆက်ပြောပါတယ်။
နောက်ထပ် ပက်ထရီရော့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပံ့ပိုးလို့ ရှို့လ်ဇ်ကို ကျေးဇူးတင်ကြောင်းလည်း ဇလန်းစကီးက ပြောခဲ့ပါတယ်။
NATO အဖွဲ့ဝင်တွေက ယူကရိန်းကိုကူညီဖို့ နောက်ထပ် ပက်ထရီရော့နဲ့ တခြား မဟာဗျူဟာမြောက် လေကြောင်းရန်ကာကွယ်ရေးစနစ် ၅ ခုကို ပေးမယ်လို့ ကြေညာထားပြီးသားပါ။
ယူကရိန်းတပ်ဖွဲ့တွေနဲ့ NATO တပ်ဖွဲ့တွေကြား အပြည့်အဝ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးနဲ့ လှုပ်ရှားမှုတွေ အပါအဝင် စစ်ရေး ချက်ချင်းပံ့ပိုးကူညီမှု ဆိုင်ရာ ကြေညာချက်အသစ်တွေ ထုတ်ပြန်မယ်လို့လည်း NATO အတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်က ပြောခဲ့ပါတယ်။
Source-Reuters