မြန်မာနိုင်ငံဟာ အာဏာငမ်းဖမ်းခဲ့တဲ့ သမ္မတရူး မင်းအောင်လှိုင်နဲ့ နောက်လိုက် စစ်ဓားပြဂိုဏ်းရဲ့ အာဏာလုယက်တာခံရအပြီး ၃ နှစ်အကြာမှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရနဲ့ ပြည်သူလူထုရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် ပေါ်ထွန်းလာခဲ့ရတဲ့ ဒီမိုကရေစီသစ်ပင်ပျိုရဲ့ အညွန့်အတက်တွေ အားလုံး ချိုးဖြတ်ခံရတာမို့ ဒီကနေ့အချိန်မှာတော့ မြန်မာနိုင်ငံဟာ ကျဆုံး ပျက်သုဥ်းနိုင်ငံအဆင့်ကို ရောက်ရှိခဲ့ရပြီ ဖြစ်ပါတယ်။
နိုင်ငံကို ပြည်သူလူထု အလိုမတူဘဲ လက်နက်အားကိုးပြီး ဇွတ်လုယူ အုပ်ချုပ်ခဲ့တာကြောင့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးကလည်း စစ်ဓားပြဂိုဏ်းကို ဖယ်ရှားနိုင်ဖို့ လက်နက်ကိုင် တော်လှန်နေခဲ့ကြတာဟာ အခုဆို ပြည်နယ်အများစုနဲ့ ပြည်မထဲက နယ်မြေတချို့မှာပါ စစ်အကြမ်းဖက် ဓားပြဂိုဏ်း လက်အောက်မှာ မရှိတော့ပါဘူး။ ပိုင်ဆိုင်မှုနယ်မြေဆုံးရှုံးမှု များသထက် များလာတာမို့ စစ်အာဏာရူး မင်းအောင်လှိုင် လက်အောက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတာ မရှိတော့ပါဘူး။
နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ သုံးစွဲကြတဲ့ Failed State ကျဆုံးနိုင်ငံတော်ဆိုတာ နိုင်ငံတနိုင်ငံရဲ့ တရားဝင် သို့ တရားမဝင် အစိုးရတရပ်ဟာ နိုင်ငံရဲ့ ပိုင်နက်နယ်မြေတွေကို မထိန်းချုပ်နိုင်တဲ့ အခြေအနေ၊ နိုင်ငံနဲ့ ပြည်သူတို့ရဲ့ အခြေခံလုံခြုံမှု၊ ပုံမှန်ရှင်သန်နိုင်မှု၊ ဘဝတိုးတက်ဖွံ့ဖြိုးမှုတွေကို မဖြည့်ဆည်းနိုင်တဲ့ အခြေအနေတရပ်လို့ အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။
ပြည်သူကလက်မခံတဲ့ အစိုးရတွေ တရားမဲ့အုပ်ချုပ်နေတာမို့ လဲပြိုကျဆုံး ပျက်သုဥ်းနေတဲ့ နိုင်ငံတွေမှာ ဆင်းရဲမွဲတေမှု နက်ရှိုင်းလာပြီး အများပြည်သူတွေရဲ့ အသက်ဘဝ လုံခြုံမှု မရှိတော့ဘဲ သူခိုးပူ၊ ဓားပြပူ၊ ရာဇဝတ်မှုထူပျော၊ အလုပ်အကိုင်ရှားပါး၊ စားကုန်သောက်ကုန်တွေ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတာမို့ ဘုံတူညီတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
၁။ နယ်စပ်စည်းမျဥ်းများသာမက နိုင်ငံပိုင်နက် နယ်မြေများကို ထိန်းချုပ်နိုင်မှု ကျဆင်းလာခြင်း (Loss of Control over Territory)၊
၂။ ပြည်တွင်းပြည်ပမှ တရားဝင်မှု၊ အသိအမှတ်ပြုခံရမှုများ ယုတ်ေလျာ့လာခြင်း (Erosion of Legitimate Authority)၊
၃။ ကျန်းမာရေး၊ ပညာရေးနဲ့ အထွေထွေ အများပြည်သူကို ဝန်ဆောင်မှုများ မပေးနိုင်တော့ခြင်း (Inability to Provide Public Services)၊
၄။ ငွေတန်ဖိုးကျဆင်းခြင်းနှင့်အတူ နိုင်ငံနှင့် နိုင်ငံသားတို့၏ ဝင်ငွေများ နည်းပါးလာရပြီး တိုင်းပြည်စီးပွားရေးမဏ္ဍိုင် လဲပြိုခြင်း (Economic Collapse)၊
၅။ အကြမ်းဖက်မှုများ တိုးပွားလျက် တရားဥပဒမစိုးမိုးမှုကြောင့် လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်လာခြင်း (Human Rights Violations)၊
၆။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လက်နက်ကိုင်ဖြေရှင်းမှုများ တိုးပွားလျက် ပြည်တွင်းပဋိပက္ခ ကြီးထွားလာခြင်း (Internal Conflict)၊
၇။ ပြည်သူတို့၏ လူသားဘဝ ဖြစ်တည်ရှင်သန်နိုင်မှု စားဝတ်နေရေးနှင့် လူနေမှုဘဝ ပိုမိုကျပ်တည်းခက်ခဲလာခြင်း (Humanitarian Crises)၊
၈။ စစ်ပြေးဒုက္ခသည် တိုးပွားလာခြင်း၊ မြို့ရွာအိုးအိမ် စွန့်ခွာထွက်ပြေးရမှု များလာခြင်း (Refugee and Displacement Issues)၊
အထက်မှာ ဖော်ပြထားတဲ့ အချက် ၈ ချက်စလုံးနဲ့ ကိုက်ညီနေတဲ့ ကျဆုံးပျက်သုဥ်းနိုင်ငံအဖြစ် ရောက်ရှိနေရတဲ့ စစ်ဖိနပ်အောက်က မြန်မာနိုင်ငံမှာ အကျင့်ပျက် လူပျက်တွေ ကြီးစိုးမင်းမူ သောင်းကျန်းနေတာမို့ မကောင်းမှုဒုစရိုက် အပျော်အပါး ရမ္မက်တွေထဲမှာ နစ်မွန်းသထက် နစ်မွန်းလာတာကို အားလုံးမြင်တွေ့နေကြရပါတယ်။
မစည်ကားအပ်တဲ့ အရပ်တွေဖြစ်တဲ့ တရားရုံး၊ အကျဉ်းထောင်၊ သုသာန်တွေမှာ စည်ကားလို့ ကျက်သရေယုတ်နေခဲ့တာ ၃ နှစ်ကာလ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ တရားရုံးတွေဟာ အပြစ်မဲ့သူတွေကို၊ ဓမ္မဘက်တော်သားတွေကို အပြစ်ပေးရာ သားရဲတွင်းပမာ ဖြစ်လာရသလို ဥပဒေဘက်တော်သားဖြစ်ရမယ့် ရဲစခန်းတွေဟာ ဖမ်းဆီးငွေညှစ်တဲ့ နေရာဌာန၊ လူကောင်းတွေကို ညှဉ်းပန်းနှိပ်စက် စစ်ဆေးတာတွေ၊ အလျော်အစားတွေ လုပ်နေကြတဲ့ ပွဲတော်ကြီးလို ပြည့်နှက်စည်ကားလာခဲ့ပါတယ်။ မြန်မာနိုင်ငံတဝန်းလုံးက အကျဉ်းထောင်တွေ၊ ရဲဘက်စခန်းတွေမှာလည်း အော်ဟစ်ညည်းတွားသံတွေ၊ တောက်ခေါက်သံတွေ ဆူညံလို့ အရပ်သားသုသာန်တွေ၊ စစ်သင်္ချိုင်းတွေမှာလည်း ငိုသံယိုသံတွေနဲ့ ဖုံးလွှမ်း စည်ကားနေခဲ့တာ မဟုတ်လား။
အဲဒီလို အနိဋ္ဌာရုံတွေ တင်းကြမ်းနဲ့ တိုင်းပြည်မှာ စာနာစိတ်ကင်းမဲ့ကြတဲ့ လူ့မကောင်းဆိုးဝါးတွေ၊ လူစိတ်ကင်းမဲ့ကြတဲ့ အဖြူရောင်အနုပညာသည် အမည်ခံ အနုသုခုမကို ပဲကြီးလှော်နဲ့ လဲစားကြတဲ့ ရုပ်ရှင် ဂီတ အဆိုရှော်တွေ၊ အငြိမ့် လူပြက် လောက်လန်းတွေ၊ သိက္ခာကို ရိက္ခာနဲ့ လဲစားကြတဲ့ အောက်လမ်း ဂျာနယ်စာရေးဆရာတွေ၊ သင်္ကန်းအရေခြုံ ခေတ်သစ်ဒေဝဒတ်တွေဟာ သက်ငင်လို့ ဇာတ်သိမ်းခန်းထဲဝင်နေတဲ့ စစ်ဓားပြဂိုဏ်းကို ဝိုင်းရံခစားလို့ နေဝင်ရိုးရီအချိန် စုန်းတောက်နေကြတာဟာ မြင်မကောင်းပါဘူး။
တကယ်တော့ အဲဒီလို တနိုင်ငံလုံး ကြိမ်မီးအုံးသလို ဝမ်းနည်းပူဆွေးရင်း ဒုက္ခပင်လယ် ဝေနေချိန်မှာ မကောင်းဆိုးဝါးတွေဟာ ပွဲလမ်းသဘင်တွေတက်၊ နိုက်ကလပ်တွေတက်လို့ ပျော်ပါးမြူးထူး မပြတ်ကြတဲ့ သူတို့ရဲ့လုပ်ရပ်ဟာ ဘာနဲ့တူသလဲ ဆိုတာကို ဥပမာပြုရရင် အရပ်ထဲ ရွာထဲ ကိုယ့်အိမ်ဘေးမှာ လူတွေသေဆုံးလို့ အသုဘရှုနေကြချိန်မှာ အလိုက်ကန်းဆိုးမသိ၊ အသိဉာဏ်မရှိဘဲ ဆိုးရွားစွာ ကခုန်မြူးထူး မိတ်လိုက်မပျက်ကြတဲ့ တော်သလင်းခွေးအုပ်ကြီးနဲ့ တူလှပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ နေဝင်ချိန်ရောက်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးဟာ မကြာခင်မှာ တောင်စွယ်နေကွယ်ရတော့မယ်ဆိုတာ အသိဉာဏ်ဦးစီးပြီး မှန်စွာတွေးတတ်သူတိုင်း မြင်သာထင်သာနေပေမဲ့ အာဏာငမ်းဖမ်းသူတွေ၊ ဥစ္စာငမ်းဖမ်းသူတွေ၊ တဒင်္ဂအခွင့်ထူးခံခွင့်ကိုသာ ရူးသွပ်သူတို့ဟာ ငါးစာသာမြင် ငါးမျှားချိတ်ကို မမြင်သလို အသိဉာဏ်အမှောင်ဖုံးပြီး သူတို့အတွက် အချိန်နည်းနည်းလေးသာ ကျန်တော့တယ် ဆိုတာ မတွေးနိုင် မမြင်နိုင်ကြတော့ပါဘူး။
မြန်မာပြည်သူ အများစုရဲ့ မယိမ်းယိုင်တဲ့ ပေးဆပ်တော်လှန်မှုတွေကြောင့် ကျဆုံး ပျက်သုဥ်း နိုင်ငံထက်က သိက္ခာမဲ့ အကျင့်ပျက် လူပျက်တွေရဲ့ အရှက်အကြောက်မဲ့ အပျော်အပါးရမ္မက်တွေနဲ့ ညစ်ပေလူးနေတဲ့ တော်သလင်းဇာတ်ယုတ်ဟာ ကားလိပ်ကျလု နီးသထက် နီးလာပြီမို့ မျိုးဆက်သစ် လူငယ်လူရွယ်တွေ ဦးဆောင်ပြီး တိုင်းရင်းသား ပြည်သူအားလုံးက စိတ်သစ် လူသစ် အတွေးအမြင်သစ်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်ကို ညီညွတ်မှုအသစ်နဲ့ အခြေခံအုတ်မြစ်အသစ်ကို မဆုတ်မနစ်တဲ့ ဇွဲလုံ့လတွေနဲ့ ဝိုင်းဝန်းပြီး ခိုင်မာစွာ ဆောက်တည်ကြရမှာ ဖြစ်ပါကြောင်း။