အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသရှိ ရှေးဟိုင်းယားခရိုင်မှာ ၂ ပတ်ကြာ စစ်ဆင်ရေးကို ပြီးစီးသွားပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဇူလိုင် ၁၀ ရက်မှာ ကြေညာလိုက်ပြီး အဲဒီမှာ လက်နက်တွေနဲ့ ဆက်သွယ်ရေးကိရိယာတွေ ရှိနေတဲ့ စစ်သွေးကြွ ဥမင်လှိုဏ်ခေါင်း ၈ ခုကို ဖျက်ဆီးခဲ့ကြောင်းလည်း သူတို့က ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ တပ်ဖွဲ့တွေဟာ စစ်သွေးကြွ ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ဆင်ရေးတွေရဲ့ နောက်ဆုံးနေ့မှာ စစ်သားတွေဟာ စစ်သွေးကြွ အဖွဲ့ငယ်တဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး အနီးကပ်တိုက်ပွဲ ဖြစ်ခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေ ဂါဇာစီးတီး အရှေ့ဘက်ရှိ ရှေးဟိုင်းယား ရပ်ကွက်တချို့ကနေ ဆုတ်ခွာသွားပြီးနောက်မှာ ပါလက်စတိုင်းဒေသခံတွေဟာ အစ္စရေးစစ်တပ်ရဲ့ မြေပြင်စစ်ဆင်ရေးကြောင့် ပျက်စီးသွားမှုတွေကို ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၁၅ ရက်လောက်က ထွက်ပြေးခဲ့ပြီး ရှေးဟိုင်းယားကို ပြန်ရောက်လာတဲ့ ဒေသခံ ဟာတမ် တေယယ်က အရပ်သားဖြစ်ရတဲ့ အပြစ်ကဘာလဲ၊ အစ္စရေးတပ်တွေက သစ်ပင်တွေကိုတောင် ဖျက်ဆီးခဲ့ပြီး ကျောက်တုံးနဲ့ သစ်ပင်တွေမှာရော ဘာအပြစ်တွေ ရှိနေလို့လဲ ဆိုပြီး မေးခွန်းထုတ် ပြောဆိုခဲ့ပါတယ်။
၉ လကြာ စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲရေး ရရှိဖို့ ကြိုးပမ်းမှုတွေကို အသစ်တဖန် ပြန်လုပ်ဆောင်နေတဲ့ အစ္စရေးရဲ့ လှုပ်ရှားမှုတွေက ခြိမ်းခြောက်နေကြောင်း ဟားမတ်စ် စစ်သွေးကြွအဖွဲ့က ပြောပါတယ်။
ဆွေးနွေးပွဲတွေကို ဗုဒ္ဓဟူးနေ့မှာ ကာတာမြို့တော် ဒိုဟာမှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။
Source-Reuters