မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ NMSP-AD ထံကနေ သိရပါတယ်။
ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအုပ်စု၊ ကွာန်ကျိုက်ရွာ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်မှာ အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့ ခလရ ၁၀၆ နဲ့ အမတ ၃၁၇ ပူးပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဇူလိုင် ၉ ရက် ညနေ ၅ နာရီခွဲလောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က အထိအခိုက် မရှိခဲ့ဘူးလို့ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောပါတယ်။
“အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ကွာန်ကျိုက်ရွာ အမှတ် ၈ လမ်းမကြီးမှာ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုက မျက်မြင်ကတော့ ၃ ဦးသေတယ်။ နောက်ထပ် စုံစမ်းရသလောက်က ၂ ဦး ထပ်သေတော့ အားလုံး ၅ ဦးသေတယ်။”
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၄၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်ခဲ့ပြီး ၄၀ မမ ကျည်တလုံးဟာ တော်လှန်ရေးတပ်ဖွဲ့ထဲ ကျရောက်ခဲ့ပေမဲ့ မပေါက်ကွဲခဲ့တာကြောင့် အထိအခိုက်မရှိခဲ့ဘူးလို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ကွာန်ကျိုက်ရွာခံ အမျိုးသားတဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ခိုက်မှုကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နဲ့ တောင်ညိုစစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်ကို ပြန်လည်စိုးမိုးနိုင်ဖို့အတွက် ဇွန်လတည်းက စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ လက်နက်ကြီးပစ်ခတ်မှု အပါအဝင် ဒရုန်းနဲ့ နေ့စဥ် ဗုံးသီးချ တိုက်ခိုက်နေတာကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံ ပြည်သူတွေမှာ နေရပ်ပြန်လာမရဲ ဖြစ်နေတယ်လို့ ဒေသခံ ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ဂျိုးတောင်ရွာကို ဇူလိုင် ၅ ရက်မှာ စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲပြီး နောက်တရက် ဇူလိုင် ၆ ရက်က စတင်ကာ ပြင်ဝန်းရွာနဲ့ ဝါရစ်ရွာတွေဘက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲ တိုက်ခိုက်မှုတွေအပြင် ၁၂၀ မမ လက်နက်ကြီးတွေနဲ့ နေ့စဥ် ပစ်ခတ်မှုတွေ လုပ်ဆောင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
အခုလို မိုးစပါးစိုက်ပျိုးတဲ့ရာသီမှာ စစ်ကောင်စီက တပ်စွဲပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဥ် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် လယ်ယာလုပ်ကိုင်နေကြတဲ့ ပြည်သူတွေမှာ သူတို့လယ်မြေတွေကို ပစ်ထားခဲ့ရပြီး စစ်ရှောင်နေရတဲ့အတွက် လယ်မြေတွေ ပျက်စီးသွားမှာကို စိုးရိမ်ပူပန်နေကြရတယ်လို့ ပြောပါတယ်။
ဒေသခံတဦးက “ဒီလို လက်နက်ကြီးတွေ ရမ်းသန်းပစ်နေတော့ လယ်လုပ်သူတွေအတွက်က လက်ရှိ နီးစပ်တဲ့နေရာမှာပဲ နေထိုင်ရတယ်။ လယ်ထဲလည်း ပြန်မဝင်ရဲကြဘူးလေ၊ လက်နက်ကြီးတွေလည်း လယ်ကွင်းထဲကျနေတာ” လို့ ပြောပါတယ်။
စပါးမရိတ်သိမ်းမီအချိန်ထိ မြေဩဇာတွေထည့်တာနဲ့ ရေသွင်းရေထုတ်တာတွေအပြင် ပိုးသန့်ဆေးဖျန်းတာတွေကို မကြာခဏ လုပ်ဆောင်ရမှာဖြစ်ပြီး အခုဆိုရင် စစ်ရှောင်တွေအနေနဲ့ လယ်ကွင်းဆီကိုသွားဖို့ မရဲကြတဲ့အတွက် ရက်ရှည်ကြာလာရင် လယ်ယာမြေတွေ ထိခိုက်ပျက်စီးသွားနိုင်တယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။
လက်ရှိ စစ်ရှောင်နေကြတဲ့ ပြင်ဝန်းရွာ၊ ဂျိုးတောင်ရွာ၊ ဝါရစ်ရွာနဲ့ စန်းသစ်ရွာတွေမှာ အိမ်ခြေပေါင်း ၅၀၀ ကျော်ရှိပြီး အဲဒီကျေးရွာ ၄ ရွာပေါင်းရင် လယ်ဧက ၁၀၀ ကျော်ရှိတယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။
ဂျိုးတောင်ရွာခံတဦးက “ဂျိုးတောင်ရွာမှာ စနေကျောင်းနဲ့ တနင်္ဂနွေကျောင်းဆိုပြီး ရှိတယ်။ တနင်္ဂနွေကျောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကျေးရွာမှာရှိတဲ့သူတွေကို အရှေ့ဘက်ကလာတိုက်ရင်တော့ ရွာကို ဘာမှမလုပ်ဘူး၊ အနောက်ဘက်ကလာတိုက်ရင် ရွာတရွာလုံးကို မီးရှို့မယ်ဆိုပြီးတော့ ခြိမ်းခြောက်ထားတာရှိတယ်” လို့ ပြောပါတယ်။
ဒါအပြင် မင်းဂုတ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေလည်း လက်နက်ကြီးတွေနဲ့ နေ့စဥ် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် စစ်ရှောင်နေကြတဲ့ ဒေသခံပြည်သူတွေမှာ နေရပ်မပြန်ရဲကြဘူးလို့ သူကပြောပါတယ်။
ဇူလိုင် ၉ ရက်ကလည်း ကျွန်းစုနဲ့ တနင်္သာရီမြို့နယ်ကြား လယ်သစ်ရွာအနီးကို စစ်ကောင်လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့သလို ဇူလိုင် ၁ဝ ရက်မှာလည်း စစ်ကောင်စီတပ်က ပစ်တဲ့ ၁၂ဝ မမ လက်နက်ကြီးတွေက ဝါရစ်ရွာကိုကျော်ကာ မြိတ်မြို့နယ်၊ မွေ့ရှောင်ရွာဘက်ကို ကျရောက်ပေါက်ကွဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကလည်း ဝါရစ်ကျေးရွာမှာ စစ်ကောင်စီက ရဟတ်ယာဥ်တစီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ဝါရစ်ရွာခံ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တလုံးလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။
လက်ရှိ ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီက မင်းဂုတ်ရွာနဲ့ ဂျိုးတောင်ရွာတွေဘက်ကို တပ်သားအင်အား အများအပြားနဲ့ လက်နက်ကြီးတွေပါ အထိုင်ချ တပ်စွဲထားပြီး ရွာတွေအနီးတဝိုက်ကို တပ်အင်အား ဖြန့်ကျက်ထားတာကြောင့် တိုက်ပွဲတွေ တကျော့ပြန် ဖြစ်လာနိုင်တယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။