မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့တို့ကိုဆက်သွယ်ထားတဲ့ ပြည်ထောင်စု လမ်းမကြီးကို ယောကာကွယ်ရေးတပ်(YDF)က ပိတ်ထားတဲ့အတွက် ကုန်တင်ကား အစီး ၈၀ လောက် ပိတ်မိနေတယ်လို့ ဂန့်ဂေါဒေသခံတွေက ပြောပါတယ်။
ယောကာကွယ်ရေးတပ် (YDF) ရဲဘော် ၂ ဦးကို ချင်းအမျိုးသားတပ်မတော်(CNA)က ဖမ်းဆီးပြီးတဲ့နောက် ဇူလိုင် ၈ ရက်ကစပြီး လုံခြုံရေးအရ လမ်းပိတ်လိုက်တာ ဖြစ်ပါတယ်။
ဂန့်ဂေါမြောက်ဘက် စိုင်ဒူးကျေးရွာနားက ဟားခါးလမ်းခွဲကို YDF က ပိတ်လိုက်တဲ့အတွက် ကုန်တင်ကားတွေ ပိတ်မိနေပြီး ချင်းတောင်ဘက်က စျေးဝယ်လာသူတွေလည်း ဖြတ်သန်းခွင့် မရဘူးလို့ ဆိုပါတယ်။
YDF တာဝန်ခံ ကိုမြတ်သူက “ဟားခါးကိုသွားတဲ့ ပြည်ထောင်စုလမ်းမကြီးကို ၈ ရက်က ပိတ်လိုက် တာပါ၊ CNA က ကျနော်တို့ ရဲဘော် ၂ ယောက်ကို ဖမ်းထားတော့ ကြားထဲမှာ လုံခြုံရေး လိုအပ်ချက်အရ ပိတ်လိုက်တာပါ။ မကြာခင်တော့ ပွင့်နိုင်ပါတယ်” လို့ ပြောပါတယ်။
YDF ရဲဘော် ၂ ဦးကို ဖမ်းဆီးတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာ ချင်းအမျိုးသားတပ်မတော် CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ထူးထွေမဟုတ်ပါဘူး၊ မေးစရာရှိလို့ပါ၊ ဖမ်းဆီးတာမဟုတ်ပါဘူး၊ သူတို့ လူကြီးတွေနဲ့ ပြောထားပြီးပါပြီ” လို့ DVB ကို အကြောင်းပြန်ပါတယ်။
ပြည်ထောင်စုလမ်းမကြီးမှာ ကုန်တင်ကား အစီး ၈၀ နီးပါး ပိတ်မိနေတဲ့အတွက် ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေ စားရေးသောက်ရေး အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။