ဟားမတ်စ်အဖွဲ့ဟာ တော်လှန်ရေးဝင်ရိုး တဖွဲ့လုံးကိုယ်စား အစ္စရေးနဲ့ ဂါဇာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို ဆောင်ရွက်နေတာဖြစ်ပြီး တကယ်လို့များ သဘောတူညီချက် ရခဲ့မယ်ဆိုရင် သီးခြားဆွေးနွေးပွဲတွေ မလိုအပ်တော့ဘဲ ဟစ်ဇ်ဘိုလာဟာ သူ့ရဲ့စစ်ဆင်ရေးတွေကို ရပ်တန့်လိုက်မှာဖြစ်ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့ အကြီးအကဲ ဆေယစ်ဒ် ဟက်ဆန် နက်စ်ရာလာက ပြောပါတယ်။
“ဟားမတ်စ်ဟာ သူ့အဖွဲ့ကိုယ်စား၊ ပါလက်စတိုင်းအဖွဲ့တွေ ကိုယ်စား၊ တော်လှန်ရေးဝင်ရိုး တဖွဲ့လုံးကိုယ်စား ညှိနှိုင်းနေတာဖြစ်ပြီးတော့ ဟားမတ်စ် လက်ခံသမျှ ကျန်သူတွေအားလုံးက ကျေကျေနပ်နပ် လက်ခံတယ်” လို့ နက်စ်ရာလာက ပြောသွားတာပါ။
နက်စ်ရာလာဟာ လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ဇွန် ၃ ရက်က သေဆုံးခဲ့တဲ့ ဟစ်ဇ်ဘိုလာရဲ့ အကြီးတန်းတပ်မှူး မိုဟာမက် နက်ဆာအတွက် ရုပ်မြင်သံကြားမှ အောက်မေ့ဖွယ်မိန့်ခွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သာ ဖြစ်မြောက်ခဲ့ရင် သူတို့အနေနဲ့ ဘာဆွေးနွေးပွဲမှ၊ ဘာသဘောတူညီချက်မှ၊ စေ့စပ်ညှိနှိုင်းမှုတွေ၊ လုပ်ငန်းစဉ်တွေမှ ထည့်ပြောနေစရာမလိုဘဲ ချက်ချင်း အပစ်ရပ်လိုက်မှာ” လို့လည်း ပြောသွားပါတယ်။
နက်စ်ရာလာက ဟစ်ဇ်ဘိုလာဟာ စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီး စစ်ဖြစ်မှာကိုလည်း ကြောက်မနေကြောင်း သတိပေးပြောကြားခဲ့ပြီး သက်သေအဖြစ် တချိန်တည်း တပြိုင်တည်းမှာ အများအပြား ပစ်လွှတ်နိုင်တဲ့ အကြီးစား ဒုံးပျံတွေနဲ့ ဒရုန်းတွေ အစ္စရေးကို ပစ်လွှတ်ခဲ့တာကို ထောက်ပြခဲ့ပါတယ်။
တော်လှန်ရေးဝင်ရိုးအဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်ဖို့ အီရန်ရဲ့ ပံ့ပိုးကူညီမှုနဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ မဟာမိတ်အဖွဲ့ဖြစ်ပြီး ယီမင်ရှိ ဟူသီတွေနဲ့ အီရတ်ရှိ ရှီးယိုက် လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပါတယ်။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း ဂါဇာမှာ စစ်ပွဲအရှိန် မြင့်လာခဲ့ကတည်းက မဟာမိတ်ဖြစ်တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ပါလက်စတိုင်းဘက်က ထောက်ခံရပ်တည်ပြီး နယ်စပ်ရှိ အစ္စရေးပစ်မှတ်တွေကို စတင်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ထိပ်တိုက်ရင်ဆိုင်မှု ပုံစံအားလုံးမှာ ပါဝင်ပတ်သက်တာကို ရှောင်ဖို့ လက်ဘနွန်နဲ့ အစ္စရေး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။
လက်ရှိအစည်းအဝေးတွေက လက်ဘနွန်ရှေ့တန်းမှာ စိုးရိမ်စရာ အနာဂတ် ဖြစ်နိုင်ခြေတွေကို ဟန့်တားဖို့ ရည်မှန်းထားတယ်လို့ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အီဂျစ် နိုင်ငံခြားရေးဝန်ကြီး ဘာဒါအဘ်ဒေလတ်တီက ပြောခဲ့ပါတယ်။
ဂါဇာစစ်ပွဲရဲ့ လတ်တလော အကြောင်းရင်းအဖြစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေက အစ္စရေးကို တိုက်ခိုက်အပြီးမှာ ပါလက်စတိုင်းတွေကို ထောက်ခံတဲ့အနေနဲ့ ဟဇ်ဘိုလာတွေက လက်ဘနွန် - အစ္စရေး နယ်စပ်က အစ္စရေး ပစ်မှတ်တွေကို စတင် ပစ်ခတ်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ပါလက်စတိုင်းတွေကို ပံ့ပိုးဖို့ ဂါဇာကနေ အစ္စရေးရဲ့ စစ်ရေး အရင်းအမြစ်တွေကို ဆွဲထုတ်ဖို့ ရည်မှန်းထားတဲ့ အထောက်အပံ့ ရှေ့တန်းလို့ ဟဇ်ဘိုလာတွေက ထပ်ခါတလဲ တံဆိပ်ကပ်ခဲ့ပါတယ်။
ဒါကြောင့် အစ္စရေးနဲ့ လက်ဘနွန် ၂ နိုင်ငံကြား နယ်စပ်ဝန်းကျင်က ထောင်သောင်းချီတဲ့ ၂ဖက် ပြည်သူတွေကို ဘေးကင်းရာ အတင်း ရွှေ့ခိုင်းခဲ့ရ တာပါ။
လတ်တလော သီတင်းပတ်တွေမှာ ပိုကြီးတဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်တိုးလာနေတယ်လို့ နိုင်ငံတကာ လေ့လာသူတွေက သတိပေးထားပါတယ်။
Source-Reuters