ဘရာဇီးလ်နိုင်ငံဟာ ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံမှုပြသတဲ့အနေနဲ့ အတည်ပြုချက်ရဖို့ ၁၀ နှစ်ကျော်ကြာ စောင့်ဆိုင်းနေတဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့နဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို တရားဝင် လက်ခံလိုက်ပါတယ်။
ဘရာဇီးလ်သမ္မတ လူလာဒါဆေးလ်ဗားက “ပါလက်စတိုင်းနဲ့ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတဲ့ ပထမဆုံးနိုင်ငံဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ လုံးဝအသုံးမကျတဲ့ စစ်ပွဲကြောင့် ပါလက်စတိုင်းပြည်သူတွေ ဒုက္ခရောက်နေတဲ့ အခြေအနေမှာ ဒီလိုဖြစ်ရတာ စိတ်မကောင်းပါဘူး” လို့ ဇူလိုင် ၈ ရက် ပါရာဂွေးမှာ ကျင်းပတဲ့ ၆၄ ကြိမ်မြောက် မတ်ကိုဆောထိပ်သီးအစည်းအဝေး မိန့်ခွန်းမှာ ပြောပါတယ်။
စစ်ပွဲကာလအတွင်း ဖြစ်ပွားခဲ့တဲ့ သဘောတူညီချက်အတွက် နောင်တရကြောင်းလည်း ဘရာဇီးခေါင်းဆောင်က ပြောကြားပါတယ်။
ဘရာဇီးဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုပြီး ၂၀၁၀ ပြည့်နှစ်မှာ ပါလက်စတိုင်း သံရုံးကို ဘရာဇီးမြို့တော်မှာ ဆောက်လုပ်ခွင့်ပြုခဲ့ပါတယ်။
ဘရာဇီးနိုင်ငံဟာ တောင်အမေရိကရဲ့ မတ်ကိုဆော ကုန်သွယ်ရေးအဖွဲ့နဲ့ ပါလက်စတိုင်း အာဏာပိုင်တွေအကြား ၂၀၁၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဲဒီသဘောတူညီချက်ကို သောကြာနေ့မှာ အတည်ပြုခဲ့တာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
တခြား မက်ကိုဆောအဖွဲ့ဝင်နိုင်ငံတွေကရော လိုက်ပါ သဘောတူ၊ မတူကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အာဂျင်တီးနားသမ္မတ ဟာဗီးယားမီလေ့ရဲ့ လက်ယာယိမ်းအစိုးရကတော့ အဲဒီလို လုပ်ဆောင်ဖို့ မမျှော်လင့်ထားသလို ဥရုဂွေးနဲ့ ပါရာဂွေး နိုင်ငံတွေက နိုင်ငံခြားရေး၀န်ကြီးတွေဟာ မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။
Source-Reuters