Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ကြောင်လျှာပင် ဆေးဖက်ဝင်
DVB
·
July 10, 2024
Design-DVB

တော်လှန်ခရီး လေစုန်နှင်နှင့်ပြီ။ ပန်းဝင်ဖို့အချိန်လည်း တဖြည်းဖြည်း နီးသထက် နီးလာပြီ။ ဖက်ဆစ်စစ်မိစ္ဆာကလည်း ဆိုးသဆိုး တိုးတိုးပြီး ယုတ်မာဆဲမို့ နွေဦးပြည်သူတို့ တော်လှန်ခရီးမှာ မဆုတ်မနစ် ဇွဲသတ္တိနဲ့ သတိရှိရှိ ရုန်းကန်တွန်းလှန်ကြရဦးမည်။ တော်လှန်ခရီးကြမ်းမှာ ပန်းခဲ့သမျှ မကြာမီကာလမှာ ချွေးသိပ်ခိုနား အပန်းဖြေနိုင်ကြဖို့ ကျန်းကျန်းမာမာ ခရီးဆက်ကြဦးစို့။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကြောင်လျှာပင် ဆေးဖက်ဝင် အ‌ကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ကြောင်လျှာကို သိပ္ပံလို Oroxylum indicum လို့ခေါ်ပြီး အင်္ဂလိပ်လို Broken bones tree, Damocles tree, Indian trumpet flower, Indian trumpet tree စသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ်။

ကြောင်လျှာအရွက်မှာ Flavones, glycosides, baicalein, scutellarein anthraquinone နဲ့ aloe-emodin ပါဝင်ပြီး အမြစ်နဲ့ ပင်စည်မှာ Oroxylin A, baicalein, chrysin, pterocarpan, rhodioside, p-hydroxyphenylethanol နဲ့ cyclohexanol, အမြစ်အခေါက်မှာ Bhrysin, baicalein, oroxylin A, dihydrobaicalein, β-sitosterol, iso-flavone နဲ့ prunetin ပင်စည်အခေါက်မှာ Alkaloids, tannic acid, sitosterol နဲ့ galactose အစေ့မှာ Chrysin, baicalein, baicalein-7-O-glucoside, baicalein-7-O-diglucoside, (Oroxylin B) ပါဝင်ပြီး အသီးမှာ Oroxylin A, chrysin, ursolic acid နဲ့ aloe-emodin ပါဝင်ကြပါတယ်။

ကြောင်လျှာပင်မှာ ပိုးသတ်ဆေးအာနိသင်၊ ရောင်ရမ်းမှုလျော့ကျစေခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဆဲလ်အဆိပ်သင့်မှာကို ကာကွယ်ပေးခြင်း၊ အဆစ်အမြစ် ရောင်ခြင်းကို ဟန့်တားခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ ကင်ဆာပြန့်ပွားမှုကို ဟန့်တားခြင်း၊ ဆီးချိုရောဂါကို ဆန့်ကျင်ခြင်း၊ ဦးနှောက် အာရုံကြောကို ကာကွယ်ပေးခြင်းနဲ့ သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးခြင်း စတဲ့ အစွမ်းအာနိသင်များ ရှိပါတယ်။

ကြောင်လျှာသီးဟာ ရောင်ရမ်းမှုကို လျှော့ချပေးခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေကာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့အပြင် နှလုံးသွေးကြော ကျန်းမာရေးကို မြှင့်တင်ခြင်း၊ သွေးတွင်းအဆီနဲ့ သကြားဓာတ်ကို လျှော့ချခြင်းများအတွက် သဘာဝကျန်းမာရေးဖြည့်စွက်စာတမျိုး ဖြစ်ပါတယ်။

ဆီးရောဂါများနဲ့ ရေဖျဉ်းစွဲခြင်းတို့အတွက် ကြောင်လျှာပင် အမြစ်အခေါက်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို ကျောက်ဖရုံသီးပြုတ်ရည်နဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ အဆစ်အမြစ် ကိုက်ခဲခြင်းများမှာလည်း သုံးစွဲနိုင်ပါတယ်။

ဝမ်းပျက်၊ ဝမ်းကိုက် ဝမ်းလျှောခြင်းများမှာ အမြစ်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို ရေနွေးနဲ့  တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

အဆစ်အမြစ် ရောင်ရမ်းခြင်းအတွက် ပင်စည်အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အစာအိမ်ရောင်ရမ်းခြင်းအတွက် အမြစ်အခေါက်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

အစာအိမ်ရောဂါမှာ အရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို နနွင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဝမ်းချုပ်ခြင်းအတွက် အရွက်ကို အတို့အမြှုပ် လုပ်စားပေးခြင်းဖြင့် ဝမ်းမှန်စေပါတယ်။

အစေ့ကို မီးအုံးပြီး ထုထောင်းကာ လည်ပင်းမှာ ကပ်ပေးတာက အာသီးရောင်ခြင်း ဝေဒနာကို အမြန်သက်သာစေပါတယ်။

ပင်စည်အခေါက်ကို နှမ်းဆီနဲ့ချက်ပြီး နားအူ နားကိုက် ဝေဒနာများမှာ နားတွင်း အစက်ချဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ကြောင်လျှာသီးကို အသင့်အတင့် စားသုံးခြင်းဖြင့် ဘေးထွက်ဆိုးကျိုး မရှိသော်လည်း အလွန်အကျွံ စားသုံးပါက ဝမ်းဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ လေပွခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ကြောင်လျှာသီးနဲ့ ဓာတ်မတည့်သူများ ကြောင်လျှာပင်ထွက် ပစ္စည်းများကို ရှောင်ကြဥ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များလည်း ရှောင်ကြည်ပါ။

နွေဦးပြည်သူများ ကြောင်လျှာပင်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

ခရီးဆုံးပန်းတိုင်မှာ အတူ ပြန်ဆုံကြပါစို့။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013