ဒီမနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းက ပြင်သစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ဒီပွဲမှာ ပထမပိုင်းပွဲချိန် ၈ မိနစ်မှာပဲ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ ဖြတ်တင်ပေးတဲ့ ဘောလုံးကို ကိုလိုမူရာနီက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပြင်သစ်က အဖွင့်ဂိုးသွင်းယူပြီး ပွဲကို ဦးဆောင်ထားနိုင်ခဲ့တာပါ။
ဒါပေမဲ့ ပွဲချိန် ပထမပိုင်း ၂၁ မိနစ်မှာပဲ စပိန်လူငယ်ကစားသမား လာမိုင်းယာမဲလ်က ဂိုးဧရိယာရှေ့ ဘီးကုပ်အစပ်နားလောက်ကနေ လှလှပပ ကန်သွင်းယူခဲ့လို့ စပိန်တို့ ချေပဂိုးရပြီး ၁ ဂိုးစီ သရေကျနေခဲ့ပါတယ်။
နောက် ၄ မိနစ်အကြာ ပွဲချိန် ပထမပိုင်း ၂၅ မိနစ်မှာပဲ စပိန်အသင်းက ကျောနံပါတ် ၁၀ အော်လမိုက ဂိုးဧရိယာထဲမှာ ပြင်သစ်နောက်ခံလူ ခေါင်းတိုက်ဖျက်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို အနီးကပ် ကန်သွင်းယူကာ စပိန်အတွက် အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒီနောက် နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ ဂိုးထပ်မသွင်းယူနိုင်တော့လို့ ပွဲအပြီးမှာ စပိန်အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဖိုင်နယ် ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ဒီပွဲမှာ ချေပဂိုးသွင်းယူပေးခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် စပိန်လူငယ်ကစားသမား လာမိုင်းယာမဲလ်က ဒီနေ့ပွဲစဉ်မှာ အကောင်းဆုံးကစားသမားဆု ရခဲ့သလို ယူရိုပြိုင်ပွဲသမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ်လည်း စံချိန်မှတ်တမ်း ဝင်သွားပါတယ်။
ဗိုလ်လုပွဲမှာတော့ အင်္ဂလန်နဲ့ နယ်သာလန်တို့ရဲ့ ဆီမီးဖိုင်နယ်ပွဲမှာ အနိုင်ရတဲ့အသင်းနဲ့ စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။