ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး စစ်မှုထမ်းစာရင်း ဆင့်ခေါ်ကောက်ခံမှုတွေကို ဇူလိုင်လဆန်းကစလို့ ပြန်လည်စတင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “စာရင်းက ပထမတခေါက်က ကောက်သေးတယ်၊ ဒါက ဒုတိယအကြိမ်။ အခု ရပ်ကွက်ထဲ လိုက်စစ်တာ အရပ်ဝတ်ရဲတွေပါ ပါတယ်။ ဧည့်စာရင်းလည်း တော်တော်စစ်နေတယ်”လို့ ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာ ရပ်ကွက် ၁၉ ခုနဲ့ မြို့သစ် ၂ ခုနဲ့ ဖွဲ့စည်းထားပြီး၂၀၂၄ မတ်လက မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ သတိပေးမှုတွေ အပြီးမှာ မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်သွားကြသလို ဆင့်ခေါ်ရေးလုပ်ငန်းတွေ ဆက်မလုပ်တဲ့ ရပ်ကွက်တွေလည်း ရှိခဲ့ပါတယ်။
အဆိုပါရပ်ကွက်တွေထဲမှာ ပုရွက်ဆိတ်ကုန်းရပ်ကွက်၊ ဌ ရပ်ကွက်၊ တံတားကြီးရပ်ကွက်တို့ ပါဝင်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က အုပ်ချုပ်ရေးမှူးနေရာတွေအစားထိုးခဲ့ပြီး စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်း စတင်ဖို့ လူဦးရေစာရင်းကို ပြန်လည်စုဆောင်းနေကြပါတယ်။
ရပ်ကွက်နေသူတဦး “အခု ရုံးထိုင်နေတာက ကျော်မင်းဦးနဲ့ ဦးဆန်းမြင့် ပူးတွဲထိုင်နေတာ။ ကျော်မင်းဦးက အသက် ၄၅ နှစ်လောက် ရှိမယ်၊ ရပ်ကွက်ထဲမှာ ကြက်ခေါင်းလို့လည်း ခေါ်ကြတယ်။ အရင်က မြို့နယ်ကြံ့ခိုင်ရေးပါတီရဲ့ စည်းရုံးရေးမှူး၊ သူ့မိန်းမက မစန်း (ခ) စန်းစန်းဝေ။ ဥက္ကလာပဘူတာအနောက်က ဦးတေလမ်းကွေ့ထဲမှာ နေတယ်။ အာဏာသိမ်းကတည်းက သူ့အိမ်ရှေ့မှာ CCTV တွေ တပ်ထားတာ။ ဥက္ကဋ္ဌလုပ်ချင်တာ ဦးချစ်ရှိကတည်းက။ အခု ရုံးခန်းကို ဆိုင်းဘုတ်ပြန်တင်ထားတယ်။ ခြံစည်းရိုးပတ်ပတ်လည် ကာမယ်လို့လည်း ကြားတယ်။ သူက ထွေအုပ်မှာ သူ စစ်မှုထမ်းဖို့ လူရှာပေးမယ်။ အုပ်ချုပ်ရေးမှူး ပေးလုပ်ဆိုပြီး မြို့နယ်ကြံ့ခိုင်ရေးက လူကြီးတွေနဲ့ ထွေအုပ်နဲ့ ညှိပြီး လုပ်ကြတာ။ အခု စာရင်းစကောက်နေပြီ” လို့ ဆိုပါတယ်။
ပုရွက်ဆိတ်ကုန်းရပ်ကွက်မှာတော့ ၂၀၂၄ ဧပြီလထဲမှာ ရပ်ကွက်ရုံး သတိပေးစာကပ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးချစ်ဟာ သွေးတက်ကွယ်လွန်သွားခဲ့ပြီး ယာယီအုပ်ချုပ်ရေးမှူးအဖြစ် ဦးဆန်းမြင့် ဖြစ်လာခဲ့ပါတယ်။
ဦးဆန်းမြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ ၃ လတာအတွင်း စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းမလုပ်ခဲ့ပေမဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ အုပ်ချုပ်ရေးမှူးအသစ်အဖြစ် ကြံ့ခိုင်ရေးပါတီ မြို့နယ်စည်းရုံးရေးမှူး အသက် ၄၅ နှစ်အရွယ် ကျော်မင်းဦး ဖြစ်လာခဲ့ပြီး စစ်မှုထမ်းဆင့်ခေါ်ဖို့ လူငယ်စာရင်းတွေ လုပ်ဆောင်နေ ပါတယ်။
ပုရွက်ဆိတ်ကုန်းရပ်ကွက်ဟာ မြောက်ဥက္ကလာပ၊ မြရတနာလမ်းထိပ်ရှိ အမှတ် ၉ ရဲစခန်းနဲ့ အမှတ် ၅၀၂ စစ်ကောင်စီလေတပ်တို့ကြားမှာ ရှိနေတဲ့ ရပ်ကွက်ဖြစ်ပြီး မူးယစ်ဆေးရောင်းဝယ်မှုနဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေကို စစ်ကောင်စီရဲတွေက လိုင်းကြေးယူ ခွင့်ပြုထားတဲ့ နေရာဖြစ်ပါတယ်။