Home
မြန်မာသတင်း
ပေါက် ကပစ ၂၄ နှင့် တောင်ငူ-သံတောင်လမ်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ
DVB
·
July 9, 2024

အညာဒေသ စစ်ဆင်ရေးအဖြစ် မကွေးတိုင်း၊ ပေါက်မြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၂၄ နဲ့ ဓာတ်အားပို့လွှတ်နေတဲ့ ထရမ်စဖော်မာတွေကို ဇူလိုင် ၇ ရက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တာဝန်ခံတဦးက ပြောပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရဲ့ လမ်းညွှန်မှုနဲ့ အညာဒေသ စစ်ဆင်ရေးအဖြစ် ပေါက်မြိုနယ်ထဲက ကပစ ၂၄ ကို ဒရုန်းတွေနဲ့ ညနေ ၅ နာရီဝန်းကျင်ကနေ ည ၁၀ နာရီဝန်းကျင်အထိ ကြာချိန် ၅ နာရီနီးပါးအတွင်း ဗုံးသီးအလုံး ၁၀၀ ကျော် ကြဲချခဲ့ပြီး PDF တပ်ဖွဲ့ဝင်တွေက ရော့ကတ်​တွေနဲ့လည်း ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတာပါ။ သေဆုံးထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေတယ်။” 

ဒါ့အပြင် ပေါက်မြို့နယ် ပျဥ်းမကျေးရွာမှာရှိတဲ့ ကပစ စက်ရုံတွေဆီကို လျှပ်စစ်ဓာတ်အား ခွဲဝေပို့လွှတ်နေတဲ့ ထရမ်စဖော်မာကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထရမ်စဖော်မာ ပျက်စီးသွားတယ်လို့ ပေါက် ပကဖ တာဝန်ခံတဦးက ပြောပါတယ်။

“ပျဥ်းမရွာမှာထိုင်ထားတဲ့ ထရမ်စဖော်မာကနေ ကပစ ၂၃၊ ၂၄ နဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဓာတ်အားပေးနေတဲ့ မိန်းထရမ်စဖော်မာကို ဒရုန်းတွေနဲ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ထရမ်စဖော်မာ ပျက်စီးသွားပြီး ကပစတွေမှာ မီးတွေပျက်နေပါတယ်။”

အဆိုပါ တိုက်ခိုက်မှုတွေကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ ဦးလေးကြီး ရော့ကက်တပ်ဖွဲ့၊ မိုးမိတ် ရော့ကက်တပ်ဖွဲ့၊ ဘာမထီ ပြောက်ကျားတပ်ဖွဲ့၊ နှင်းကွေး ရော့ကက်အဖွဲ့၊ မြိုင်/ပေါက် ဒရုန်းတပ်ဖွဲ့များ၊ BRAF Drone Team၊ ဗိုလ်လရောင်တပ်ဖွဲ့ (ပေါက်) နဲ့ မြွေပြွေးပြောက်ကျားတပ်ဖွဲ့ (ပေါက်) တို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး တပ်ပေါင်းစုဝင်အားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

တောင်ငူ-သံတောင်လမ်းမပေါ်မှာ ဇူလိုင် ၈ ရက် မနက် ၁၀ နာရီလောက်က သံတောင် ၁၃ မိုင်ကနေ တောင်ငူဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို KNU တပ်မဟာ ၂၊ တပ်ရင်း ၅ နဲ့ အခြားတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေ ပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တောင်ငူ-သံတောင်လမ်း ၅ မိုင်နဲ့ ၆ မိုင်ကြားမှာ စစ်ကောင်စီယာဉ်တန်းကို စောင့်ကြို ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ် Thaw Thi Kho ရဲ့ တာဝန်ခံ စောပရူးတူက ပြောပါတယ်။

“၅ မိုင်နဲ့ ၆ မိုင်ကြားက သစ်ပုံကြီးတွေရှိတဲ့နေရာမှာ စောင့်ပြီး ပစ်ခတ်ခဲ့တာပါ။ သူတို့ဘက်က ကားတစီးကို အယောက် ၃၀ လောက်တော့ ပါတယ်။ ကျနော်တို့ဘက်က ပြောက်ကျားပဲသုံးပြီး စောင့်ပစ်တာပါ။ သူတို့က အမြဲတပ်ချိန်းတာ ရှိတယ်။ သိရတာက သံတောင်မြို့သစ်က‌နေ တောင်ငူကိုဆင်းလာတာ၊ သတင်းရလို့ စောင့်တိုက်ခိုက်တာပါ။”

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေ ရှိပေမဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ဇွန် ၁၆ ရက်ကလည်း တောင်ငူ-သံတောင်လမ်းပေါ်မှာ KNU တပ်မဟာ ၂၊ တပ်ရင်း ၅ အပါအဝင် အခြားတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးနဲ့ တပ်သား ၇ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013