Home
မြန်မာသတင်း
မိုးကုတ်အရှေ့ပိုင်း၌ တိုက်ပွဲပြင်းထန် ဆက်ဖြစ်နေ 
DVB
·
July 9, 2024

မန္တလေးတိုင်း၊ မိုးကုတ်အရှေ့ပိုင်းမှာ ဇူလိုင် ၉ ရက် ဒီကနေ့ တိုက်ပွဲတွေဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး ခုခံနေတယ်လို့ မြို့ခံတွေထံက  သိရပါတယ်။

မနေ့ညကစပြီး မိုးကုတ်မြို့အရှေ့ခြမ်းမှာတိုက်ပွဲတွေပြင်းထန်နေတာမှာ ဒီနေ့မနက်ကစပြီး မိုးကုတ်အရှေ့ပိုင်း မင်းတံတားအနီး၊ အုတ်ဆောင်းတောင်၊ ပေါ်တော်မူဘုရား (အပေါ်နန်းနွဲ့ ) တဝိုက်မှာလည်း တိုက်ပွဲတွေဖြစ်နေပြီး လက်နက်ကြီးတွေနဲ့ အဆမတန်ပစ်ခတ်နေတယ်လို့ မိုးကုတ်ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့ခံတဦးက“သေနတ်သံတွေနဲ့ လက်နက်ကြီးပေါက်ကွဲသံတွေက ဆူညံနေတာ။ အရှေ့ခြမ်း မြို့ထဲအထိရောက်လာပြီလားမသိဘူး။ ဖုန်းလိုင်းတွေလည်းမကောင်းဘူး။ လက်နက်ကြီးပစ်တဲ့ အသံတွေနဲ့  မနေ့ညကလည်း တညလုံးမအိပ်ရဘူး”လို့ ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့အတွက် မိုးကုတ်မြို့ခံတွေဟာ စစ်ရှောင်ဖို့ကြိုးစားနေကြပေမဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းမှာ ပိတ်မိနေကြပြီး စစ်ဘေးရှောင်တချို့က မိုးကုတ်မြို့အတွင်းကို ပြန်လည်ဝင်ရောက်ကြတာလည်း ရှိပါတယ်။

မိုးကုတ် စစ်ရှောင်ပြည်သူတဦးက “လမ်းပိတ်ထားတော့အဆင်မပြေဘူးဗျ။ ဒီနေ့မနက်တော့ ချောင်းကြီးလမ်းပြန်ဖွင့်လို့ ကျောက်ဖြူရွာဂိတ်ကိုဖြတ်ပြီး ချောင်းကြီးလမ်းကိုဖြတ်‌နိုင်တဲ့ သူတွေတော့ရှိတယ်။ ဘယ်နေရာမှာထပ်ပြီး ပိတ်မိဦးမလဲ မသိနိုင်ဘူး။ အများဆုံးသွားနိုင်ရင် လက်ပံလှအထိပဲရမယ်လို့ ပြောတဲ့သူတွေလည်းရှိတယ်။ အခြေအနေကတော့ အချိန်နဲ့အမျှ ပြောင်းနေတာ။ မြို့ထဲမှာလည်း တိုက်ပွဲအတော်ဖြစ်နေတယ်။ ဗျူဟာကုန်းကို သိမ်း ဖို့ကြိုးစားနေကြတယ်”လို့  ပြောပါတယ်။

မန္တလေး PDFနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မိုးကုတ်မြို့၊ စဉ့်ကူးမြို့၊ မတ္တရာမြို့ရှိ စစ်ကောင်စီတပ်စခန်း‌တွေကို တခုပြီးတခုသိမ်းပိုက်နေပြီး စဉ့်ကူးမြို့နယ် စစ်ဆင်ရေးအတွင်း သပိတ်ကျင်းမြို့နယ်က ဒုဗိုလ်မှူးကြီး လှိုင်ထွန်းအောင်အပါအဝင် ၁၅ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ MDY PDF က ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024