ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က လယ်ထဲမှာ အရှည် ၁၀ ပေခန့်ရှိတဲ့ မိကျောင်း ၁ ကောင် မနေ့ ဇူလိုင် ၈ ရက်ည နေပိုင်းက ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဇူလိုင် ၈ ရက်၊ ညနေ ၅ နာရီအချိန်ခန့်က ဘိုကလေးမြို့နယ်၊ ပိုက်စလကျေးရွာအုပ်စု၊ ဝါးနက်ကုန်းကျေးရွာက တောင်သူ ဦးကျော်ရင် ပိုင်ဆိုင်တဲ့ လယ်ယာမြေအတွင်း အရှည်ပေ ၁၀ ခန့်ရှိ မိကျောင်း ၁ ကောင်ဝင်ရောက်လာ ရွာသားများကဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတဦးက "ဝါးနက်ကုန်းကျေးရွာက ဦးကျော်ရင်ရဲ့လယ်ထဲမှာ တွေ့တာ။ အလုပ် လုပ်နေတဲ့အချိန် လယ်သမားတွေအရင် တွေ့တာ။ မိကျောင်းကို မသတ်ဘဲ အရှင်ဖမ်းဆီးခဲ့ကြတာ။ တခါမှ ဒီဘက်မှာ အခုလို မိကျောင်းတွေ့ရတာ မရှိတော့ ကြောက်လန့်ကြတာပေါ့” လို့ ပြောပါတယ်။
အဲ့ဒီ မိကျောင်းကို ဒေသခံတွေ၊ ကျွမ်းကျင်ရေလုပ်သားတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ညနေ ၅ နာရီခွဲခန့်မှာ ဖမ်းမိခဲ့ပြီး ကျေးရွာအုပ်ချုပ်အုပ်ချုပ်ရေးမှူးရုံးကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ တဦးကတော့ “'ဒေသခံတွေ လယ်ထဲမှာ ဖမ်းပြီးအပ်နှံတဲ့ မိကျောင်းကို ဒီနေ့ ဇူလိုင် ၉ ရက်မှာ သစ်တောဦးစီးဌာနက တာဝန်ရှိသူတွေ လာစစ်ဆေးပြီးနောက် ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း မိကျောင်းထိန်းသိမ်းရေးအဖွဲ့ဆီ အပ်နှံခဲ့တယ်။ အချိန်မီ တွေ့ရတော့ အန္တရာယ်ကင်းအောင် တားနိုင်တာပေါ့''လို့ ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် မိန်းမလှကျွန်းဘေးမဲ့တောနဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူများအနေနဲ့ မိကျောင်းအန္တရာယ်ကို သတိပြုနေထိုင် လုပ်ကိုင်ကြဖို့ လိုအပ်တယ်လို့ မိန်းမလှကျွန်းဘေးမဲ့တော အုပ်ချုပ်ရေးမှူးအဖွဲ့က သတိပေးထားချက်အရ သိရပါတယ်။
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်က ထောင်ထားတဲ့ ပိုက်သွားဖော်တဲ့ အမျိုးသား တဦး မိကျောင်းဆွဲခံရလို့ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။