မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ အုတ်ဖိုရွာသစ်ကျေးရွာနဲ့ သန်းကုန်းရွာကြားကို ဇူလိုင် ၉ ရက် မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးသီးချ တိုက်ခိုက်လို့ ၁၀ နှစ်သားအရွယ် ကလေးငယ်တဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါလေယာဉ်ဟာ မန္တလေး တံတားဦးကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံရွာသူတဦးက “လာပစ်တာက မနက် ၁၁ နာရီ ၅၀ မိနစ်က ၃ လုံးလာချတယ်။ ချတဲ့နေရာက အုပ်ဖိုရွာသစ်အနီး ဖုန်းတာဝါတိုင်အနီးကို ပစ်သွားတာဗျ။ အဲလိုပစ်လို့ အိမ် ၂ လုံး ပျက်စီးတယ်။ သားအမိ၊ သားအဖ ၃ ဦး အပြင်းအထန် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ၃ ဦးထဲက ၁၀ နှစ်သား ကလေးငယ်ကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ကလေးငယ်အဖေနဲ့ အမေကတော့ ကူညီကယ်ဆယ်ရေးတွေက ဆေးကုဖို့ လာခေါ်သွားတယ်ဗျ။ အခုနေ့ခင်း ၁ နာရီ ၄၅ မိနစ်က နောက်ထပ် လေယာဉ်တစီးနဲ့ ဗုံး ၂ လုံး ထပ်လာချတယ်။ လူထိခိုက်မှုကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
စစ်တပ်က လေယာဉ်နဲ့ပစ်ခတ်လို့ အုပ်ဖိုရွာသစ်ကျေးရွာက ဒေသခံတွေနဲ့ သန်းကုန်းရွာက ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုတိုးကြီးက “တိုက်ပွဲမဖြစ်ဘဲနဲ့ကို လေယာဉ်နဲ့ပစ်နေတာ။ ဒါ သက်သက် ပြည်သူကို ဒုက္ခပေးနေတာ။ ပထမက ပေါင်တရာ ၂ လုံး၊ ၂၅၀ တလုံး စုစုပေါင်း ၃ လုံး၊ နေ့ခင်းပိုင်းက ၂ လုံး ထပ်လာချတယ်။ ပြည်သူ သေဆုံးထိခိုက်မှုတွေကတော့ အတိအကျ စာရင်းပြုလုပ်နေဆဲ ဖြစ်တယ်” လို့ ပြောပါတယ်။
မတ္တရာမြို့နယ်နဲ့ စဉ်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေသလို ဒေသခံပြည်သူတွေလည်း စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးစောင့်ရှောက်ကူညီပေးနေသူတွေထံကနေ သိရပါတယ်။