ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၈ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ဘာဘူကုန်းနဲ့ ရမ်းမကျန်းကျေးရွာကြား ရန်ကုန်-မန္တလေးကားလမ်းပေါ်ကနေစပြီး စစ်တပ်က ဒရုန်း ၆ စင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် လေးအိမ်စုရွာက အသက် ၄၀ ကျော်အရွယ် အမျိုးသမီး တယောက်နဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား တယောက်တို့ သေဆုံးခဲ့ပါတယ်။
ကျောက်ကြီးမြို့နယ်နေ ကရင်အမျိုးသားတဦးက "တိုက်ပွဲဖြစ်တာ မရှိဘဲ ဒရုန်းနဲ့ တောက်လျှောက် ကြဲလာတာ။ လယ်ထဲမှာ စပါးကြဲနေတဲ့သူတွေ အကုန်ပြေးတက်ရတာ။ လေးအိမ်စုရွာက အမျိုးသား တဦးနဲ့ အမျိုးသမီး တဦး ထိပြီး ပွဲချင်းပြီး သေတာ။ တခြားထိခိုက်မှုတွေ ရှိပေမဲ့ သေချာတော့ မသိသေးဘူး" လို့ ပြောပါတယ်။
ညောင်လေးပင်မြို့ ပိန်းဇလုပ်ရွာအခြေစိုက် ခမရ ၂၆၄ နဲ့ ခမရ ၄၃၉ တို့ကလည်း ဇူလိုင် ၈ ရက် မနက် ၁၁ နာရီလောက်က ကျောက်ကြီးမြို့နယ်ထဲရှိ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ခင်ရန်းရွာမှ စာသင်ကျောင်း တကျောင်း၊ လေးအိမ်စုရွာက နေအိတ် တလုံးနဲ့ ရွာမကြီးကျေးရွာကနေ နေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ ရွာခံ တဦးက ပြောပါတယ်။
ဇွန် ၂၈ ရက်ကလည်း ညောင်လေးပင်မြို့ကနေ ကျောက်ကြီးမြို့ကိုလာတဲ့ အရပ်သား ၇ ဦးဟာ ရွှေကျင်မြို့ ကောက်မဲ့သူရွာထိပ်အရောက်မှာ စစ်ကောင်စီတပ်သားတွေက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ၇ ဦးလုံး သေဆုံးခဲ့ပါတယ်။