ရန်ကုန်မြစ်ထဲမှာ ဇူလိုင် ၁၀ ရက် ဒီနေ့မနက်က သမ္ဗန် တစီး တိမ်းမှောက်ခဲ့ပြီး ရေယာဉ်ပေါ်ပါရှိသူ ၁၇ ဦးအနက် ၉ ဦးကို ကယ်ဆယ်နိုင်ကာ ကျန်သူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
ဒီမနက် ၈ နာရီ ၁၀ မိနစ်လောက်က ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ် အတွင်း ဗားကရာဆိပ်ကမ်းမှ ရေမိုင် ၅ ဖာလုံလောက်အကွာမှာ သမ္ဗန် တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
လှေမှောက်တဲ့နေရာကို အနောက်ပိုင်းခရိုင် မီးသတ်စခန်း၊ ကြည့်မြင်တိုင်၊ အလုံ၊ ကမာရွတ်နဲ့ ကျောက်တံတားမြို့နယ်တွေက မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ်တွေ၊ လူနာတင်ယာဉ်တွေနဲ့ အတူသွားရောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သမ္ဗန် တိမ်းမှောက်ရတဲ့ အကြောင်းရင်းနဲ့ လှေပေါ်ပါသွားသူတွေရဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ မသိရသေးပါဘူး။