Home
မြန်မာသတင်း
ဖျာပုံတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ငွေကျပ် သိန်းချီတောင်းခံနေ  
DVB
·
July 10, 2024
Photo - သုတ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကို အကြောင်းပြပြီး အိမ်ထောင်စုအလိုက် ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖျာပုံမြို့နယ်မှာ ဇူလိုင်လ ပထမအပတ်က စတင်ပြီး စစ်မှုထမ်းဖို့ အသက်ပြည့်မီတဲ့ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားရှိ အမျိုးသားတွေကို အိမ်ထောင်စုစာရင်းအလိုက် ငွေကြေးကောက်ခံတာဖြစ်ပြီး စစ်မှုမထမ်းလိုသူတဦးကို ကျပ်ငွေ ၁၀၀,၀၀၀ ကောက်ခံနေတယ်လို့ ဆိုပါတယ်။

ဖျာပုံမြို့ပေါ်မှာ နေထိုင်သူတယောက်က “စစ်မှုမထမ်းနိုင်တဲ့သူတွေက အုပ်ချုပ်ရေးမှူးကို တသိန်းစီပေးရတာ။ တအိမ်တည်းမှာ သုံးယောက်ရှိရင် သုံးယောက်စာ လေးသိန်းခွဲပေးရတာ။ မဲမနှိုက်ရဘူးဆိုတာ သေချာလား မသေချာလား မသိဘဲ ငွေကတော့ ပေးနေရပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက အဲဒီဥပဒေကို အကြောင်းပြ ငွေကြေးကောက်ခံတာတွေ ပြုလုပ်လာပြီး လက်ရှိအချိန်အထိ ငွေပေးရတဲ့ ဒေသခံ အယောက် ၅၀ ထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။

ဖျာပုံဒေသခံ အမျိုးသမီးတယောက်က “ချောင်းတွင်းကျေးရွာ အုပ်ချုပ်ရေးမှူးဆိုရင် NLD လက်ထက်က အုပ်ချုပ်ရေးမှူး အရွေးမခံရလို့ ရူးမလိုဖြစ်နေတာ။ အခု စစ်တပ်အာဏာသိမ်းပြီး အုပ်ချုပ်ရေးမှူး ထဖြစ်တော့ ပိုက်ဆံရမယ့်ဟာဆို အကုန်လုပ်ပြီး ကြီးပွားချမ်းသာနေတာ။ အခုလည်း သူက ဦးဆောင် ငွေကောက်နေတာ” လို့ ပြောပါတယ်။

ဖျာပုံမြို့နယ်မှာ စစ်မှုထမ်း အသက်ပြည့် လူတယောက်ကို ငွေကျပ် ၁ သိန်း ကောက်ခံတဲ့ကိစ္စနဲ့ ပတ်သက်လို့ တိုင်တန်းပါက တိုင်တန်းသူကို စစ်ကောင်စီတပ်က ဖမ်းဆီးမှာဖြစ်တယ်လို့ ခြိမ်းခြောက် ပြောဆိုနေကြောင်း ဆိုပါတယ်။

ဒါ့အပြင် ဖျာပုံမြို့နယ်မှာ စစ်မှုထမ်းဖို့ မဲပေါက်သူတွေ ထွက်ပြေးရင် မိသားစုကို အရေးယူမယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ခြိမ်းခြောက်နေတာကြောင့် စိတ်ဒုက္ခရောက်နေရတယ်လို့ ဒေသခံ လူငယ်တွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013