Home
နိုင်ငံတကာ
ယူကရိန်းအရေး NATO ထိပ်သီးညီလာခံ၌ ဆုံးဖြတ်မည်
DVB
·
July 10, 2024
Photo - Reuters

အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ ကျင်းပနေတဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ ထိပ်သီးညီလာခံမှာ ယူကရိန်းအရေး ဆုံးဖြတ်ချက်တွေ ချမယ်လို့ NATO အတွင်းရေးမှူးချုပ် ယန်းစ်စတော့တန်ဘာ့ဂ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ဇူလိုင် ၉ ရက်မှာ ပြောလိုက်ပါတယ်။

NATO အဖွဲ့ တည်ထောင်တဲ့ ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပတဲ့အနေနဲ့ အင်္ဂါနေ့က စပြီး ၃ ရက်ကြာ ထိပ်သီးညီလာခံကို ကျင်းပနေတာပါ။

ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော်အပြီး ၂၈ လကျော် ကြာနေတဲ့ စစ်ပွဲအရေး ဆွေးနွေးဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးလည်း NATO ညီလာခံကို တက်ခဲ့ပါတယ်။

NATO အဖွဲ့ထဲမှာ ပါဝင်တဲ့ နိုင်ငံပေါင်း ၃၂ နိုင်ငံက ခေါင်းဆောင်တွေကြား ဆွေးနွေးကြတဲ့အထဲမှာ ယူကရိန်း-ရုရှား စစ်ပွဲက လွှမ်းမိုးနေပြီး ယူကရိန်းအတွက် စစ်ရေး၊ ဘဏ္ဍာရေး အကူအညီတွေကို အပြည့်အဝ အာရုံစိုက်ထားပါတယ်။

ဒါ့အပြင် ယူကရိန်းဟာ ရုရှားရဲ့ နောက်ထပ် တိုက်ခိုက်မှုတွေကို တွန်းလှန်ဖို့ NATO အဖွဲ့ဝင် ဖြစ်ချင်နေပြီး ရုရှားရဲ့ တိုက်ရိုက် တိုက်ခိုက်မှုကို စိုးရိမ်တဲ့ နိုင်ငံတချို့ အပါအဝင် NATO အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ အတည်ပြုချက်ကို ရယူရမှာ ဖြစ်ပါတယ်။

လာမယ့်ရက်တွေအတွင်း NATO ဟာ ယူကရိန်းတပ်တွေကို သင်တန်းပေးပြီး လက်နက်တပ်ဆင်ဖို့ ကြယ် ၃ ပွင့်အဆင့်ရှိတဲ့ ဗိုလ်ချုပ်တွေ ဦးဆောင်ပြီး ဂျာမနီနိုင်ငံထဲမှာ စစ်ဌာနချုပ်တခု ဖွဲ့စည်းကြောင်း ကြေညာမယ်၊ ယူကရိန်းနဲ့ NATO ကြား ဆက်ဆံရေး နက်ရှိုင်းစေဖို့ ယူကရိန်းဆိုင်ရာ အကြီးတန်း ကိုယ်စားလှယ်တယောက် ခန့်အပ်မယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလေဗန်က ဇူလိုင် ၉ ရက်မှာ ပြောပါတယ်။

ပမာဏတခုနဲ့ ထုတ်လုပ်ဖို့ ဥရောပနဲ့ မြောက်အမေရိကတလွှားက လက်နက် ထုတ်လုပ်သူတွေကို ကူညီနိုင်မယ့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာ ကတိအတွက် သဘောတူညီချက်တရပ်ကို ဇူလိုင် ၁၀ ရက်မှာ လက်မှတ်ထိုးမယ်လို့ စတော့တန်ဘာ့ဂ်က ပြောပါတယ်။

ဒါ့အပြင် NATO ဟာ စတင်ဂါ လေယာဉ်ပစ် ဒုံးကျည်တွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ဖိုးကို မှာယူထားပြီးပြီလို့လည်း သူက ဆက်ပြောပါတယ်။

ပုခုံးထမ်း စတင်ဂါ လေယာဉ်ပစ်ဒုံးတွေဟာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကို အောင်အောင်မြင်မြင် ဟန့်တားနိုင်နေလို့ ယူကရိန်းနိုင်ငံနဲ့ အိမ်နီးချင်း ဥရောပနိုင်ငံတွေထဲမှာ တောင်းဆိုမှု မြင့်မားနေပါတယ်။

NATO ထိပ်သီးညီလာခံ အပြီးမှာ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းမှာ တွေ့ဆုံမယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကက်သရင်း ယွန်းပြဲက ဇူလိုင် ၉ရက်မှာ ပြောခဲ့ပါတယ်။

ရုရှားအစိုးရကတော့ NATO ကို အမေရိကန်ဩဇာခံအဖြစ် ရှုမြင်ပြီး စစ်အေးခေတ် စိတ်ဓာတ်ကို ပြန်မွေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်ကစပြီး နယ်သာလန်ဝန်ကြီးချုပ် မာ့ခ် ရူတေဟာ လက်ရှိ NATO အတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ် နေရာကို အစားထိုး ဆက်ခံမှာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013