ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရတဲ့ NAC HIV/AIDS ဂေဟာတာဝန်ခံ ကိုရာဇာ (ခ) ကိုစိုးရာဇာထွန်း ဇူလိုင် ၉ ရက်မှာ အင်းစိန် အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက် လာပါတယ်။
လွတ်ရက်စေ့လို့ ပြန်လွတ်လာတာဖြစ်ပြီး ကိုရာဇာရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ မိသားစုဝင် တဦးက ပြောပါတယ်။
“ ကျန်းမာရေး ကောင်းပါတယ်။ မနေ့က လွှတ်တာ။ ရက်ပြည့်လို့ လွှတ်တာပါ။”
ရန်ကုန်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှာ မိဘမဲ့ကလေးငယ်တွေနဲ့ ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက် ပေးနေတဲ့ NAC HIV/AIDS ဂေဟာတာဝန်ခံ ကိုရာဇာကို စစ်တပ်က ၂၀၂၂ ခုနှစ်၊ မတ် ၂ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ကိုရာဇာကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (ဂ) နဲ့တရားစွဲဆိုပြီး ဒီဇင်ဘာ ၂၈ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၀ (ဂ) နဲ့ အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင် ၃ နှစ် ချမှတ်ခဲ့တာပါ။