Home
မြန်မာသတင်း
ရိုးမသူဌေးကို  ဖမ်းဆီးစွဲချက်တင်ထားခြင်းမရှိဟု ကုမ္ပဏီ တုံ့ပြန်
DVB
·
July 10, 2024
Photo Crd-Yoma Strategic Holdings Ltd

Yoma Strategic လုပ်ငန်းစုရဲ့ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေ (ခ) မစ္စတာဆပ်ချ်ပန်းကို စစ်ကောင်စီက ဖမ်းဆီးစွဲချက်တင်ထားတာမရှိဘူးလို့ ကုမ္ပဏီဘက်က တုံ့ပြန်ရှင်းလင်းတဲ့ အကြောင်း စင်ကာပူအခြေစိုက် The Straits Times သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဘဏ်စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  မစ္စတာဆပ်ချ်ပန်းကို စစ်ကောင်စီက အချိန်တလကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့အကြောင်း Myanmar-Now သတင်းဌာနသတင်းအရ  ခုလို ရှင်းလင်းချက်ကို ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင် ၉ ရက် ရက်စွဲနဲ့ Myanmar-Now  သတင်းဆောင်းပါးထဲမှာတော့ မစ္မတာ ဆပ်ချ်ပန်းကို နေပြည်တော်ကို ဇွန်လအစောပိုင်းက ဆင့်ခေါ်ခဲ့ပြီး ရိုးမဘဏ်နဲ့ Yoma Land အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက အကြီးတန်းဝန်ထမ်း ၈ ဦးတို့နဲ့အတူ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတယ်လို့ ဖော်ပြခဲ့တာပါ။

အသက် ၇၁ နှစ်အရွယ် သူဌေးကြီးဟာ သတ်မှတ်ထားတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့အကြောင်း အမည်မဖော်တဲ့ သတင်းရင်းမြစ်တခုကိုလည်း ကိုးကားဖော်ပြထားတယ်လို့ ဆိုပါတယ်။

ရိုးမလုပ်ငန်းစုဘက်က ရှင်းလင်းရာမှာတော့ သူဟာ နေပြည်တော်မှာ ရောက်ရှိနေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ဆုံကာ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တာဝန်ယူမှုရှိတဲ့ စီးပွားရေးအဖွဲ့အစည်းတခုဖြစ်တဲ့အတွက် သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတယ်လို့လည်း မှတ်ချက်ပြုထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ ရိုးမဘဏ်၊ ဧရာ၀တီဘဏ်တို့အပါအဝင်  ဘဏ် ၇ ခုနဲ့  တာဝန်ရှိသူတွေကို အရေးယူမယ်လို့ အခုလဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး အဆိုပါ ပုဂ္ဂလိကဘဏ် ၇ ခုဟာ အိမ်ရာချေးငွေတွေကို များစွာ ထုတ်ချေးထားတဲ့အပြင် ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန် ထုတ်ချေးထားတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ ရိုးမဘဏ်က ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁၁ ရာခိုင်နှုန်းကျော်လွန်ပြီးတော့ အိမ်ရာချေးငွေများ ထုတ်ချေးထားကြောင်းနဲ့ တခြား ဘဏ်တွေ အသီးသီးက ပိုမို ထုတ်ချေးထားတဲ့ ရာခိုင်နှုန်းတွေ အသီးသီးကို ဖော်ပြထားခဲ့တာပါ။

ဒါကြောင့်မို့ အိမ်ရာချေးငွေကို ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ပိုပြီးတော့ ထုတ်ချေးခဲ့တဲ့ ပုဂ္ဂလိကဘဏ် ၇ ခုက တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူမှာဖြစ်ကာ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၅၄ အရလည်း ဒဏ်ကြေးပေးဆောင် ရမယ့်အပြင် စစ်ကောင်စီ ဗဟိုဘဏ် တာဝန်ရှိသူတွေကိုလည်း ဖော်ထုတ်အရေးယူမယ် လို့ ဆိုပါတယ်။

DVB သတင်းဌာနအနေနဲ့တော့ ရိုးမကုမ္ပဏီသူဌေး မစ္စတာ ဆပ်ချ်ပန်းကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားခြင်း ရှိ၊ မရှိကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ရွှေနဲ့ ဒေါ်လာဈေးတွေ ၃ ဆဝန်းကျင်ထိ မြင့်တက်ပြီး စီးပွားပျက်ကပ်နေချိန်မှာ  စစ်ကောင်စီက လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာ၊ ဆိုင်နေရာတွေကို ချိပ်ပိတ်တာတွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေသလို အခြေခံ ဆန်စျေးနှုန်းတွေကို ဆက်လက်ထိန်းချုပ်ဖို့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူတာတွေလည်း ရှိလာခဲ့တာပါ။

အခုလဆန်းပိုင်းတုန်းကလည်း သတ်မှတ်ထားတဲ့ ဆန်ဈေးနှုန်းတွေထက်ပိုပြီး အမြတ်တင် ရောင်းချလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန်စပါးလုပ်ငန်းရှင် ၇ ဦးနဲ့ ဂျပန်နိုင်ငံသားကာဆာ မတ်ဆု ဟီရိုရှီ အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူခဲ့ ပါတယ်။ 

Source: StraitsTimes

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013