ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ဟိုယကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ဝင်တွေကြား ဇူလိုင် ၄ ရက်ကနေ ၉ ရက်နေ့အထိ တိုက်ပွဲဖြစ်နေရာမှာ ရွာထဲလက်နက်ကြီးကျပြီး အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဇူလိုင် ၈ ရက်က လက်နက်ကြီးကျရောက်မှုကြောင့် ဟိုယရွာက လွိုင်လိန်းဓာတ်ဆီဆိုင်နဲ့ ဆေးဆိုင် ရစရာမရှိအောင်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတဲ့အခြေအနေတော့ မသိရဘူးလို့ မိုင်းရယ် ဒေသခံတဦးက ပြောပါတယ်။
“လက်နက်ကြီးက ဘယ်ချိန်ကကျသွားလဲဆိုတာတော့ အတိမကျမသိရဘူး။ ၈ ရက်နေ့မှာ ကိုးကန့်စစ်သားတွေက စစ်ဘေးရှောင်ရွာသားတွေကို တန်ဖိုးကြီးတဲ့ပစ္စည်းနဲ့ ရိက္ခာတွေ ပြန်ယူကြဖို့ပြောတယ်။ ရွာသားတွေလည်း ခဏပြန်ရင်းနဲ့ ဓာတ်ဆီဆိုင်နဲ့ ဆေးဆိုင်ပျက်စီးနေ တာ တွေ့ရတာ။ ထိခိုက်ဒဏ်ရာရသူရှိမရှိတော့ မသိရဘူး။ ရွာထဲက အိမ်တချို့လည်း လက်နက်ကြီး ထိတယ်လို့ ပြောတာပဲ။ ဒါပေမဲ့ အမြန်သွား အမြန်ပြန်လာရတော့ ဘယ်အိမ်တွေပျက်စီးလဲ မသိရဘူး။”
MNDAA ကိုးကန့်တပ်ဖွဲ့ဝင်တွေဟာ ဟိုယကျေးရွာအုပ်စုနဲ့ တန့်ယန်းဘက်သွားတဲ့ လမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားတာကြောင့် နှစ်ဘက်တိုက်ပွဲ ဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့ နေ့တိုင်းလာဝဲနေတယ်၊ စစ်ကောင်စီစခန်း တွေ သိမ်းပိုက်ရတဲ့သတင်းတော့ မကြားရဘူး၊ စစ်ကောင်စီ ကင်းတဲနဲ့ တပ်စခန်းအနီးနားက ရွာတွေတော့ မနေရဲတော့ဘဲ အကုန်စစ်ဘေးရှောင်ကုန်ပြီလို့ ဒေသခံက ပြောပါတယ်။
ကိုးကန့်စစ်သားတွေဟာ စစ်ဘေးရှောင် ၃၀၀ ကျော်ရောက်နေတဲ့ လွိုင်ဟန်းဟုန့်ကျောင်း တိုက်နားက တောင်ကုန်းတွေမှာ နေရာယူလာကြလို့ စစ်ရှောင်အပါအဝင် ကျောင်းတိုက်က သံဃာတော်တွေအားလုံး နောက်ထပ်တနေရာဖြစ်တဲ့ ဝမ်ဇန့် ၊ နားမဟျိုစတဲ့ ကျောင်းတိုက်တွေ ဘက် ပြန်ထွက်ပြေးကြရပြီး နားမဟျိုမှာလည်း နဂိုရှိပြီးသားစစ်ရှောင်တွေနဲ့ လူဦးရေများ လာတာကြောင့် တိဇန့်ကျောင်းကို တချို့ ပြန်ပြောင်းသွားကြတယ်လို့ သိရပါတယ်။
အဆိုပါဒေသနဲ့ ဆက်စပ်နေတဲ့ ကျေးသီးမြို့နယ် ခိုလောင်းရွာမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတာကြောင့် အနီးနားတဝိုက်ရွာသားတွေလည်း ဘေးလွတ်ရာရွှေ့ပြောင်းနေကြရပါတယ်။
မိုင်းရယ်မြို့ပေါ်မှာတော့ တိုက်ပွဲမဖြစ်သေးပေမဲ့ စစ်ကောင်စီကားတန်း ၈ စီးလောက် ဆိုင်ကျော့ဘက်ကနေ ဟိုယကျေးရွာဘက် တက်သွားတာတွေ့တယ်လို့ မိုင်းရယ်ဒေသခံက ပြောပါတယ်။