Home
မြန်မာသတင်း
မဲဆောက်တွင် ၉ လအတွင်း နယ်စပ်ဖြတ်ကျော် နိုင်ငံခြားသား ၁၈၄၃ ဦးဖမ်းမိ၊ ကျားဖြန့်ဂိုဏ်းနှင့် ဆက်စပ်သူများပါဝင်
DVB
·
July 10, 2024

 

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁ ရက်မှ  ၂၀၂၄ ဇူလိုင် ၈ ရက်အထိ တရားမဝင်နယ်စပ်ဖြတ်ကျော်သူ နိုင်ငံခြားသား ၁၈၄၃ ဦး ဖမ်းဆီးရမိပြီး ကျားဖြန့်အွန်လိုင်းလိမ်လည်မှုဂိုဏ်းနဲ့ ဆက်စပ်သူတွေ ပါဝင်နေတယ်လို့ ဇူလိုင် ၉ ရက် ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီမြို့နယ် ဖလူးဒေသရှိ ကာစီနိုရုံမှာ ပိတ်မိနေတဲ့ မော်ရိုဂိုနိုင်ငံသား ၁၁ ဦး နဲ့ ဂျာမန်နိုင်ငံသား ၁ ဦးတို့ ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် သတင်းထောက်က နောက်ဆက်တွဲအခြေအနေကို သွားရောက်လေ့လာတင်ပြခဲ့တာပါ။

ဖလူးဒေသ သောင်ရင်းမြစ်ကမ်းနံဘေးမှာ ခိုင်မာသောတိုက်တာ အဆောက်အဦတွေကို ထိုင်းဘက်ခြမ်းကနေ လှမ်းမြင်နေရကြောင်း၊ အဲဒီမှာ ကာစီနိုရုံတွေရှိပြီး အထဲမှာ စကင်မာ၊ ကော်လ်စင်တာ၊ ကျားဖြန့်လုပ်ငန်း၊ ကာရာအိုကေခန်း၊ ကာစီနိုလောင်းကစားဝိုင်း၊ ဘဏ်ငွေထုတ်စက်၊ စားသောက်ဆိုင် အစုံရှိကြောင်း၊  အဆိုပါတိုက်တာတွေမှာ အဓမ္မလုပ်အားခိုင်းစေမှုတွေ၊ နှိပ်စက်အနိုင်ကျင့်ခံရသူတွေ ရှိနေသေးတယ်လို့ လွတ်မြောက်လာသူတွေ ပြန်ပြောချက်အရ သိရတယ်လို့ ဆိုပါတယ်။ 

နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံမှာ လစာကောင်းတဲ့ အလုပ်ရမယ်လို့ လိမ်လည်ခံရပြီး မဲဆောက်လေဆိပ် ရောက်တော့ ထိုင်းကို ကျော်ကာ အိမ်နီးချင်းနိုင်ငံက တရားမဝင်လုပ်ငန်း လုပ်တဲ့နေရာတွေ ရောက်သွားကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁ ရက်မှ ဒီ ၂၀၂၄ ဇူလိုင် ၈ ရက်နေ့ထိ ၉ လခန့် ကာလအတွင်း တရားမဝင်နယ်စပ် ဖြတ်ကျော်ဖမ်းဆီးမှု ၄၆၁ မှု၊ နိုင်ငံခြားသားပေါင်း ၁၈၄၃ ဦး ဖမ်းဆီးရကြောင်း၊ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၁၄၅၀ ဦး၊ တရုတ်နိုင်ငံသား ၁၉၁ ဦး၊ မလေးရှား ၂၆ ဦး၊ ယူဂန္ဓာ ၂၃ ဦး၊ အီသီယိုပီးယား ၂၅ ဦး၊ ဗီယက်နမ် ၂၂ ဦး၊ လာအို ၁၅ ဦး၊ ဩစတြေးလျ ၇ ဦး၊ ယူအက်စ်အေ ၆ ဦး၊ ကမ္ဘောဒီးယား ၆ ဦး၊ အိန္ဒိယ ၆ ဦး၊ ထိုင်ဝမ် ၃ ဦး၊ ကင်ညာ ၂ ဦး၊ ပါကစ္စတန် ၄ ဦေ၊ မော်ရိုဂို ၁၁ ဦးနဲ့ ကျန်တာက ဘင်္ဂလားဒေ့ရှ်၊ ဘေရွတ်၊ ဂျပန်၊ ယီမင် စတဲ့ နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ 

ဖလူးဒေသ ကာစီနိုရုံမှာ ပိတ်မိလို့  ထိုင်းလွှတ်တော်အမတ်ထံ အကူအညီတောင်းထားတဲ့ မော်ရိုကိုနိုင်ငံသား ၂၁ ဦးအနက် ၁၁ ဦးကို ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်က ဒီကေဘီအေ လက်နက်ကိုင်အဖွဲ့က ထိုင်းစစ်တပ်ထံ ပြန်လည်အပ်နှံခဲ့ပြီး နောက်ထပ် ၁၀ ဦးကိုလည်း ထပ်ပို့ပေးလိုက်ကြောင်း၊ မိမိဘာသာ ထိုင်းငွေ ဘတ် ၁ သိန်းမှ ၂ သိန်းထိပေးပြီး ပြန်လွတ်လာတဲ့ ၆ ယောက်လည်း မဲဆောက်လူသားရင်းမြစ်ခိုင်မာရေးဖောင်ဒေးရှင်းမှာ ရောက်ရှိနေပြီဖြစ်ပြီး အလိမ်ခံရသူနဲ့ မိမိဘာသာ တမင်သွားရောက်လုပ်ကိုင်သူတွေကို စိစစ်ခွဲခြားကာ NRM (National Referral Mechanism ) စနစ်နဲ့  နေရပ်ပြန်ပို့ပေးဖို့ စီစဉ်နေတယ်လို့  ဆိုပါတယ်။ 

အိမ်နီးချင်းနိုင်ငံက ဥပဒေမဲ့လုပ်ငန်းခွင်မှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံကို ကြားခံမြေအဖြစ် အသုံးပြုသွားကြတာဖြစ်ကြောင်း၊ နိုင်ငံစုံက လူတွေဖြစ်တာကြောင့် ဒီပြဿနာဟာ မြဝတီရဲ့ ပြဿနာ၊ ထိုင်းနိုင်ငံရဲ့ ပြဿနာတွေချည်းမဟုတ်ဘဲ နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ ပြဿနာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ 

ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ ဒီပြဿနာကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အမြစ်ပြတ်အောင် နှိမ်နင်းရမယ်လို့ နိုင်ငံတော် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ မဟာဗျူဟာ ပြုပြင်ပြောင်းလဲရေးကော်မရှင် ဥက္ကဋ္ဌ၊  MFP ပါတီလွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုမ်းက  သတင်းထောက်တွေကို ပြောသွားပါတယ်။ 

ကိုးကား -  3Plus News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013