ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဇူလိုင် ၁၀ ရက် မနက်က လက်နက်ကြီး ကျရောက် ထိမှန်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက“ဒီမနက် လားရှိုး ရပ်ကွက် ၉၊ နယ်မြေ ၃၊ အောင်သပြေလမ်းသွယ် ၁ ထဲ လက်နက်ကြီး ၂ လုံးကျတာ လူသေ ထိခိုက်မှုများတယ်” လို့ ပြောပါတယ်။
ဘူတာရုံ သံလမ်းဘေးမှာ ကျရောက်တာဖြစ်ပြီး အမျိုးသမီးတဦးနဲ့ ကလေးတဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
ဒီမနက်မှာပဲ ရပ်ကွက် ၁၊ နယ်မြေ ၁၊ ပါရမီလမ်း ဘက်မှာလည်း လက်နက်ကြီးတလုံး ကျရောက်ထိမှန်ပြီး နေအိမ်ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံတဦးက ပြောပါတယ်။
“ကျနော့် အိမ်ပါဗျာ။ တော်သေးတယ် မိသားစုက မနေ့ကမှ ရှောင်ထွက်လိုက်တာ ကံကောင်းသွားတယ်။”
မြို့ထဲ တမနက်လုံး လက်နက်ကြီးတွေ ကျရောက်တာတွေရှိနေပြီး နေခြည်ကျောင်း အနီးဝန်းကျင်နဲ့ ရပ်ကွက် ၇၊ ကွက်သစ် လွယ်ပြေကျောင်းဘက်လည်း လက်နက်ကြီး ကျတာတွေရှိပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် အတိအကျ မသိရသေးဘူးလို့ ဒေသခံ အမျိုးသမီး တဦးက ပြောပါတယ်။
ဇူလိုင် ၉ ရက်နေ့ ညနေမှာလည်း ရပ်ကွက် ၁ နယ်မြေ ၇ က နေအိမ်ခြံဝင်း တနေရာနဲ့ တရုတ်ဘုံကျောင်းအနီးနဲ့ Sky Vision အနီးမှာ လက်နက်ကြီးကျရောက်ကာ နေအိမ်ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲ တပတ်အတွင်း လားရှိုးမြို့ပေါ်မှာ လက်နက်ကြီး ထိမှန် သေဆုံးသွားတဲ့ အရပ်သား ပြည်သူ အယောက် ၃၀ ဝန်းကျင်ခန့် အထိ ရှိလာပြီး ထိခိုက် ဒဏ်ရာရသူတွေလည်း အများအပြား ရှိတယ်လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
လက်ရှိမှာတော့ လားရှိုး မြို့ပြင်ဘက် နမ်ဟူး၊ ကုန်းညောင်၊ မယ်ဟန်၊ နောင်မွန်၊ ခေးခမ်း တွေဘက်မှာ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်တို့အကြား တိုက်ပွဲဖြစ်နေဆဲပဲလို့ ဒေသခံတွေဆီက သိရပါတယ်။