Home
မြန်မာသတင်း
ချင်းပြည်နယ်၊ ဇိုတုန်ဒေသတွင် စာသင်ကျောင်း ၅၀ နီးပါး ဖွင့်လှစ်နိုင်
DVB
·
July 10, 2024

ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဇိုတုန်ဒေသ၊ ရေဇွာမြို့မှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာသင်ကျောင်းပေါင်း ၄၉ ကျောင်းဖွင့်လှစ်နိုင်ပြီလို့ ဒေသ ပညာရေးဘုတ်အဖွဲ့ဆီက သိရပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်မှာ ရေဇွာမြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တဲ့ အတွက် ယခုပညာသင်နှစ်မှာ ပိုမိုအဆင်ပြေ လွတ်လပ်လာတယ်လို့ ဆိုပါတယ်။

ဇိုတုန်ဒေသအတွင်း စာသင်ကျောင်း ၄၉ ကျောင်းမှာ ကျောင်းသား ကျောင်းသူ ၄၇၀၀ နီးပါးတက်ရောက်နေပြီး ဆရာ၊ ဆရာမ ၃၆၀ ကျော်က သင်ကြားပေးနေတယ်လို့ သိရပါတယ်။

ဇိုတုန်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံက “အရင်နှစ်တွေထက် ဒီနှစ်က လွတ်မြောက်နယ်မြေ ဖြစ်လာတော့ အဘက်ဘက်က ပိုအဆင်ပြေလာတယ်၊ တရွာနဲ့ တရွာ သွားရတဲအခါမှာလည်း ပိုလွတ်လပ်လာတာပေါ့။ ပညာရေးနဲ့ပတ်သက်တဲ့ စာသင်ကျောင်းဖွင့်တာတွေရော၊ သင်ကြားရေးသင်တန်း ဖွင့်တာတွေရော ပိုပြီးတော့မှ အဆင်ပြေလာတယ်” လို့ ပြောပါတယ်။

ဇိုတုန်ဒေသကို စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် ဆက်သွယ်ရေးနဲ့ အွန်လိုင်းသင်ကြားရေးတွေတော့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

ဆရာမတဦးက “ကျောင်းကတော့ ဇိုတုန်ဒေသ ပညာရေးဘုတ်အဖွဲ့ရဲ့လက်အောက်မှာ စာသင်ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပုံနှိပ်စာအုပ်အလွယ် ဝယ်မရတော့ အရင်အဟောင်းတွေကိုပဲ လက်ဆင့်ကမ်းပြီး သင်နေရပါတယ်၊ မနှစ်ကထက်တော့ ပိုပြီးအဆင်ပြေလာပါတယ်”  လို့ ပြောပါတယ်။

စာသင်ကျောင်းတွေကို အဆင်ပြေစွာဖွင့်နိုင်ပေမယ့် စာရေးကိရိယာဈေးကြီးမှုတွေ ကြုံနေရပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကိုလည်း စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024