မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) က ရုရှားကို ရန်သူအဖြစ် ကြေညာပြီး အနိုင်ယူဖို့ ကြိုးပမ်းနေလို့ အခုသီတင်းပတ်မှာ ကျင်းပမယ့် နေတိုးထိပ်သီးအစည်းအဝေးကို အနီးကပ် မလွတ်တမ်း စောင့်ကြည့်သွားမယ်လို့ ရုရှားသမ္မတရုံးဖြစ်တဲ့ ကရင်မလင်နန်းတော်က ဇူလိုင် ၉ ရက်မှာ ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ မြို့တော် ဝါရှင်တန်ဒီစီမှာ ကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေးမှာ နေတိုးအဖွဲ့ဟာ ယူကရိန်းပဋိပက္ခမှာ အပြည့်အဝ ပါဝင်ပတ်သက်ဖို့ ဆွေးနွေးနေတယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
နေတိုးဟာ ရုရှားကို ဗျူဟာမြောက် အနိုင်ယူဖို့ ရည်ရွယ်ချက်ကို အကြိမ်ကြိမ် ပွင့်ပွင့်လင်းလင်း ကြေညာထားတဲ့ မဟာမိတ်ဖြစ်ပါတယ်။
ယူကရိန်းပဋိပက္ခမှာ ယူကရိန်းဘက်က တိုက်ရိုက်ပါဝင်နေတဲ့ မဟာမိတ်အဖွဲ့ဖြစ်လို့ ဖြစ်ပေါ်လာတော့မယ့် လေလုံးထွားတာတွေ၊ မိန့်ခွန်းတွေ၊ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ဆုံးဖြတ်ချက်တွေကို မှတ်တမ်းတင်ဖို့ နီးနီးကပ်ကပ် မလွတ်တမ်း စောင့်ကြည့်သွားမယ်လို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။
Source-Reuters