မန္တလေးတိုင်း မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့လို့ ၉ ဦး သေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇူလိုင် ၉ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ရဲ့တာ၀န်ခံတဦးက “PDF မန္တလေးက အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေပြီး မတ္တရာမြို့နယ်ထဲက ရေနံ့သာတိုးဂိတ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့လို့ စစ်သား ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း ထပ်မံသိမ်းဆည်း ရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။
စဥ့်ကူးမြို့နယ်ထဲမှာလည်း ပင်လယ်ကြီးစစ်တပ်စခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သား တွေကို လိုက်လံ တိုက်ခိုက်ခဲ့တဲ့အတွက် ဗိုလ်ကြီး ၁ ဦးအပါအ၀င် ၄ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ပြီး အလောင်း ၂ လောင်းနဲ့ လက်နက်ခဲယမ်းတွေ ထပ်မံ သိမ်းဆည်းရရှိခဲ့သေးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တွေအတွင်း စစ်ဆင်ရေးဆောင်ရွက်နေပြီး ဇူလိုင် ၃ ရက်အထိ မတ္တရာမြို့နယ်ထဲက စစ်တပ်စခန်း ၂၅ ခုနဲ့ စဉ့်ကူးမြို့နယ်ထဲက စစ်တပ်စခန်းပေါင်း ၁၁ ခုတို့ကို တိုက်ခိုက် သိမ်းပိုက် ရရှိထားတာ ဖြစ်ပါတယ်။
မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံး လက်နက်ချပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတိပေး တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း စစ်ကောင်စီ ဗျူဟာကုန်းကနေ ဇူလိုင် ၈ ရက် ညမှာ လှမ်းပစ်တဲ့ လက်နက်ကြီးကျည် အုန်းကိုင်းရပ်ကွက်က လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ နေအိမ်အတွင်း အိပ်နေတဲ့ ကလေး ၁ ဦး သေဆုံးပြီး မိသားစု ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “ဗျူဟာကနေ ဆက်တိုက်ပစ်နေတာ၊ အဲဒီဘက်ကို ပေါက်ကွဲတဲ့အသံ အကျယ်ကြီးပါ ကြားရတာ။ လေပေါ်ကွဲတာ မဟုတ်ဘူး။ ပေါက်ကွဲတဲ့ အသံကြားရတာ” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူ မိသားစု ၄ ဦးက မိုးကုတ်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ ၅ မိုင်အကွာက စစ်ကောင်စီတပ်စခန်းမှာ ဇူလိုင် ၈ ရက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။