အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ကာရင်းန် ယွန်ဖျယ်ရ်က ကာကွယ်ပြောဆိုလိုက်ပြီး အိမ်ဖြူတော် ဝက်ဘ်ဆိုက်မှာ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာ အပြည့်အစုံ ရှိတယ်လို့လည်း ပြောပါတယ်။
အထူးကုဆရာဝန်၊ ဆေးကုဆောင်က ထွက်လာတဲ့ အထူးကုအဖွဲ့တဖွဲ့က သူတို့ စစ်ဆေးခဲ့ပြီး တွေ့မြင်ခဲ့သမျှကို အစီရင်ခံ သတင်းပို့ထားတာဖြစ်ပြီး ဒါကိုလည်း အမေရိကန်ပြည်သူတွေ အကုန်ဖတ်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။
သမ္မတ ဘိုင်ဒင်သာ ပြန်အရွေးချယ်ခံရရင် ဒုတိယသက်တမ်းကို အပြည့်ထမ်းဆောင်နိုင်ဖို့ ကတိပေးနိုင်သလားဆိုပြီး သတင်းထောက်ရဲ့အမေးကို “ဟုတ်ကဲ့” လို့ တုံ့ပြန်ခဲ့ပါတယ်။
ဂျိုးဘိုင်ဒင်နဲ့ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ် တို့ရဲ့ စကားစစ်ထိုးပွဲအပြီးမှာ ဘိုင်ဒင်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်က ပြုလုပ်ခဲ့တဲ့ ရှင်းလင်းချက်အားလုံးကို ရပ်တည်နေကြောင်းလည်း ကာရင်းန် ယွန်ဖျယ်ရ်က ပြောဆိုပါတယ်။
ဇွန် ၂၇ ရက်က ဒေါ်နယ်လ်ထရမ့်ပ်နဲ့ စကားစစ်ထိုးပွဲမှာ အမှားအယွင်းတွေ ရှိခဲ့ကတည်းက သမ္မတဘိုင်ဒင်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တာပါ။
ဒါပေမဲ့ မြေပြင်မှာ နေ့စဉ် လူတွေနဲ့ ထိတွေ့ဆက်ဆံနေတာမှာလည်း လွှတ်တော်အမတ်တွေ၊ ပြည်သူတွေက သူ့ကို ထောက်ခံမှုတွေပြနေတာ မြင်တွေ့နိုင်ကြောင်းလည်း အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ယွန်ဖျယ်ရ်က ပြောပါတယ်။
လူတွေနဲ့ စကားပြောဆိုနေချိန်မှာ သမ္မတကြီးက ပေါ့ပေါ့ပါးပါး ဟာသတွေ ပြောရတာကိုလည်း သဘောကျပြီး သူ ဟာသပြောလို့ လူတွေ ရယ်မောကြတယ်လို့လည်း ပြောသွားပါတယ်။
Source-Reuters