Home
အားကစား
အင်္ဂလန်အသင်း သမိုင်းသစ်ရေးရန် နည်းပြဆောက်ဂိတ်ပြော၊ ယူရိုပြိုင်ပွဲ နောက်ဆုံးရသတင်းများ
DVB
·
July 10, 2024

အင်္ဂလန်အသင်း သမိုင်းသစ်ရေးထိုးရန် အခွင့်အရေးရှိကြောင်း ဆောက်ဂိတ် ပြော

အင်္ဂလန်အသင်းဟာ သမိုင်းသစ်ရေးထိုးနိုင်ဖို့ အခွင့်အရေးရှိကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။

အင်္ဂလန်အသင်းဟာ နည်းပြဆောက်ဂိတ် လက်အောက်မှာ ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်၊ ယူရို ၂၀၂၀ ဗိုလ်လုပွဲ၊ ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူရိုဗိုလ်လုပွဲကို တက်ရောက်နိုင်ပါက အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ၂ ကြိမ်ဆက်တိုက် တက်ရောက်နိုင်မှာဖြစ်သလို အင်္ဂလန်မြေမဟုတ်တဲ့ ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်နိုင်တဲ့ မှတ်တိုင်သစ်ရမှာ ဖြစ်ပါတယ်။

ဆောက်ဂိတ်က “အင်္ဂလန်မဟုတ်တဲ့ တခြားနိုင်ငံမှာ ဗိုလ်လုပွဲတက်နိုင်မယ့် အခွင့်အရေး ရှိပါတယ်။ နယ်သာလန်နဲ့ပွဲဟာ ခက်ခဲမယ့်ပွဲတပွဲပါ။ အင်္ဂလန်မဟုတ်တဲ့ တခြားမြေမှာ ဗိုလ်လုပွဲ တက်ရောက်နိုင်တဲ့ စံချိန်ရဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။

ရထားခရီးစဉ် ပျက်ခဲ့သော်လည်း အင်္ဂလန်ပွဲအတွက် အသင့်ရှိဟု နယ်သာလန်နည်းပြ ပြော

နယ်သာလန်အသင်းရဲ့ ရထားနဲ့သွားမယ့်ခရီးစဉ် ပျက်ခဲ့ပေမဲ့ ကစားသမားတွေဟာ ဆီမီးဖိုင်နယ်အတွက် အသင့်ဖြစ်နေကြောင်း နည်းပြကိုးမန်းက ပြောပါတယ်။

နယ်သာလန်အသင်းဟာ အင်္ဂလန်နဲ့ကစားမယ့်ပွဲအတွက် ဒေါ့မွန်မြို့ကို ရထားနဲ့သွားဖို့ စီစဉ်ခဲ့ပြီးနောက် ခရီးစဉ်ပျက်ပြီး လေယာဉ်နဲ့ သွားခဲ့ရတာ ဖြစ်ပါတယ်။

နယ်သာလန်အသင်းဟာ အုပ်စုအဆင့်ပွဲစဉ် ကစားချိန်တုန်းက ဘာလင်မြို့ကို ရထားစီးသွားခဲ့ဖူးပါတယ်။

ဂျာမနီနိုင်ငံမှာ ရထားနဲ့ခရီးသွားတာက ထိရောက်တဲ့ ခရီးသွားမှုတခုဖြစ်ပေမဲ့ ယူရိုပြိုင်ပွဲ ကျင်းပချိန်အတွင်း အချိန်နောက်ကျမှုတွေ ဖြစ်ပွားတဲ့ ပြဿနာ ရှိနေပါတယ်။

အင်္ဂလန်နဲ့ပွဲဟာ နှစ်သင်းစလုံးအတွက် အနိုင်ရဖို့ အခွင့်အရေးတူရှိကြောင်း ကိုးမန်းက ဆိုပါတယ်။

ယူရိုပြိုင်ပွဲ အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် ယာမဲလ် စံချိန်တင်

စပိန်လူငယ်ကစားသမား ယာမဲလ်ဟာ ယူရိုပြိုင်ပွဲမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ယာမဲလ်ဟာ အသက် ၁၆ နှစ် ၃၃၈ ရက်သာ ရှိသေးတာကြောင့် ယူရိုပြိုင်ပွဲ အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ယာမဲလ်ဟာ ယူရိုဗိုလ်လုပွဲကို တက်ခဲ့တဲ့ လမ်းကြောင်းတလျှောက်မှာလည်း ဂိုးပံ့ပိုးမှု ၃ ကြိမ်အထိ ပြုလုပ်ထားပါတယ်။

ဒါဟာ ဖာဘီဂတ်စ်၊ ဒေးဗစ်ဆေးလ်ဗား၊ အော်လ်မိုတို့ရဲ့ ယူရိုပြိုင်ပွဲ ဂိုးပံ့ပိုးမှုအများဆုံး စံချိန်ကို လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။

ပြင်သစ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးဟာ ပါရမီရှင်တွေရဲ့ သွင်းဂိုးဖြစ်ကြောင်း စပိန်နည်းပြက ချီးကျူးခဲ့ပါတယ်။

ပိုကောင်းသည့်အသင်း အနိုင်ရခဲ့ကြောင်း အမ်ဘာပေ ပြော

စပိန်အသင်းဟာ မိမိတို့ထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ကြောင်း ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေက ပြောကြားခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ စပိန်ကို ဦးဆောင်ဂိုးသွင်းနိုင်ပေမဲ့ ပထမပိုင်း ၂၅ မိနစ်အတွင်း ၂ ဂိုး ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။

အမ်ဘာပေက “ကျနော်တို့ထက် ပိုကောင်းတဲ့ အသင်းကောင်းနဲ့ တွေ့ခဲ့ပြီး ကျနော်တို့ ထွက်ခဲ့ရတာပါ။ ဒါဟာ ဘောလုံးပွဲတွေမှာ ဖြစ်လေ့ရှိတဲ့ အမှန်တရားတခုပါ” လို့ ပြောပါတယ်။

ပြင်သစ်အသင်းရဲ့ အဓိက ကစားသမား အမ်ဘာပေဟာ ဩစတြီးယားနဲ့ ကစားခဲ့တဲ့ ယူရိုအဖွင့်ပွဲစဉ်မှာ နှာခေါင်းရိုးကျိုးဒဏ်ရာရခဲ့ပြီး ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013