Home
မြန်မာသတင်း
CNO/CNDF ထိန်းချုပ်နယ်မြေက ဒေသနေပြည်သူများကို ပြည်သူ့စစ်သင်တန်းပို့ချ
DVB
·
July 10, 2024

ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ထိန်းချုပ်နယ်မြေအတွင်းက ဒေသခံပြည်သူတွေကို ပြည်သူ့စစ်ရက်တိုသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ CNO ဆီက သိရပါတယ်။

ဖလမ်းမြို့နယ်အတွင်းမှာ ဧရိယာ ၁၂ ခုရှိပြီး ဇွန် ၁ ရက်နေ့ကစတင်ကာ ဧရိယာတခုစီကို သင်တန်းတမျိုးကို တပတ်နှုန်းနဲ့ ရက်တိုသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပါတယ်။

CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ဖလမ်းမြို့နယ်ထဲမှာ ဇွန်လ ၁ ရက်နေ့ကနေ စလုပ်တာပေါ့၊ ရက်တို တပတ်သင်တန်းပေါ့၊ ဒေသခံတွေကို သင်တန်းပေးတာပေါ့။ ရပ်ရွာလုံခြုံရေးအတွက်ရော၊ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ရောပေါ့။ ရပ်ရွာအတွင်းမှာ ဒဏ်ရာရရှိတဲ့သူတွေ လေယာဉ်ပစ်ခတ်မှုတွေရှိရင် ကာကွယ်ဖို့ ရှေးဦးသူနာပြုသင်တန်းတွေလည်း ပေးတာပေါ့နော်” လို့ ပြောပါတယ်။

သင်တန်းကို CNO/CNDF စိုးမိုးနယ်မြေအတွင်းမှာ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဌာနက ပူးပေါင်းပြီး ရပ်ရွာလုံခြုံရေးကာကွယ်ဖို့၊ ရှေးဦးသူနာပြုစုနည်း၊ လက်နကဖြုတ်၊ တပ်ဆင်နည်းနဲ့ အခြားစစ်ရေးဆိုင်ရာတွေလည်း သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

“အခု ဖလမ်းကို ဧရိယာ ၁၂ ခု ခွဲထားတယ်၊ ပထမအကြိမ်ကတော့ ပြီးသွားပြီပေါ့။ ရပ်ရွာထဲက လူ ၅၀ လောက် သင်တန်းလာတက်တယ်။ ဒုတိယအကြိမ်ကိုလည်း တခြားဧရိယာမှာ ဆက်ဖွင့်နေပါတယ်။ အဓိကကတော့ စကစ တိုက်ဖို့ ဆိုတာတော့ အရေးပေါ်ဖြစ်လာရင် သူတို့ကိုယ်သူတို့ ကာကွယ်တတ်အောင်၊ ရှေးဦးသူနာပြုနည်းတွေ တတ်အောင် သင်ကြားပေးတာပဲ ဖြစ်ပါတယ်” လို့ ဆလိုင်းတင်မီက ပြောပါတယ်။

ဖလမ်းမြို့နယ်အတွင်းက စစ်ဆေးရေးဂိတ်တွေမှာ တာဝန်ထမ်းဆောင်မယ့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုလည်း ပြည်သူ့စစ် စာတွေ့၊ လက်တွေ့ သင်တန်းတွေ ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013