ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ သွေးလွန်တုပ်ကွေးနဲ့ ပြင်းထန်ဝမ်းရောဂါ ဖြစ်ပွါးနေပြီး လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရွှေပြည်သာမြို့နယ်ထဲက ဇီးကုန်းရပ်ကွက်၊ ၉ ရပ်ကွက်၊ အုတ်ဖို အမှတ် ၃၊ အမှတ် ၄ ရပ်ကွက်တွေမှာ အဖြစ်များနေကြပါတယ်။
မြို့ခံတဦးက “အုတ်ဖိုထဲမှာက ကလေးတွေ သွေးလွန်တုပ်ကွေး အဖြစ်များတယ်။ ပြီးခဲ့တဲ့လက ၃ ဦး၊ ဒီလထဲ ၁ ဦး။ ဝမ်းပျက်ဝမ်းလျှော ဖြစ်ကြတာလည်း မနည်းဘူး။ စက်ရုံဆင်းနေသူများတော့ ဆေးဝယ်လိုက် ခဏပျောက်သွားလိုက်တွေပဲ။ ဖြစ်တဲ့ကလေးတွေ အိမ်နားတွေမှာက ကွင်းတွေ ရေပြည့်နေတာ၊ ရေဝပ်တော့ ခြင်ကိုက်ပြီး ဖြစ်ကြတာ” လို့ ပြောပါတယ်။
ဇီးကုန်းရပ်ကွက်မှာ အသက် ၁၀ နှစ်အရွယ် မောင်ဉာဏ်လင်းအောင် ဆိုသူ ယောကျ်ားလေးတဦး ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး အဖျားပြင်းခဲ့လို့ ရွှေပြည်သာဆေးရုံ တက်ရောက်ကုသရာက အင်းစိန်ဆေးရုံ ထပ်မံလွှဲပြောင်း ကုသမှု ခံယူခဲ့ရပါတယ်။
အင်းစိန်ဆေးရုံမှာ ဇူလိုင် ၉ ရက်က သွေးလွန်တုပ်ကွေးပိုး ဦးနှောက်ဝင်ရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ အင်းစိန်ဆေးရုံ ကျန်းမာရေးဝန်ထမ်းတွေက အတည်ပြုထားပါတယ်။
လူမှုကူညီရေးအသင်းဝင်တဦးက “ကလေးက ယောကျ်ားလေး၊ အသက်က ၁၀ နှစ်။ သူက ဆေးရုံစလွှဲကတည်းက အခြေအနေ သိပ်မကောင်းဘူး။ ဝမ်းလျှောတာက တခြားသူတွေက Cover ဖြစ်တယ်။ ဒီတယောက်ပဲ ခုခံအားလည်း တော်တော်ကျနေတယ်။ အဲ့ကလေးက သွေးလွန်တုပ်ကွေးလည်း ပါတာပေါ့နော်။ အဖျားလည်း တအားတက်နေတာ” လို့ ပြောပါတယ်။
ရွှေပြည်သာမြို့နယ် အပါအဝင် ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ ပြင်းထန် ကာလဝမ်းရောဂါ ကာကွယ်ရေးအတွက် သက်ဆိုင်ရာမြို့နယ်တွေက ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ရပ်ကွက်၊ ကျောင်းတွေမှာ အသိပညာပေး၊ ဆေးဖျန်း၊ သောက်သုံးရေထဲ ကလိုရင်းခပ်၊ ကာကွယ်ဆေးထိုးတာတွေ လုပ်ဆောင်နေကြပါတယ်။