မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် မြေပြိုမှုတွေ၊ ရေကြီးမှုတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာတွေကြောင့် နီပေါနဲ့ ဟိမဝန္တာနယ်စပ်အနီး တိဘက်မှာ ခရီးသွားတွေ အပါအဝင် လူပေါင်း ၁၃၀ ကျော် ပိတ်မိနေတယ်လို့ ဇူလိုင် ၁၀ ရက်မှာ နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြပါတယ်။
ဝေးလံခေါင်သီတဲ့ တိဘက်မြို့ ချန်းထန်းကို ဦးတည်သွားတဲ့ အဓိက အဝေးပြေးလမ်းမကြီးရဲ့ အစိတ်အပိုင်း အများအပြားဟာ ဇူလိုင် ၇ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးတာနဲ့ မြေပြိုမှုတွေကြောင့် ပိတ်ဆို့သွားခဲ့ကြောင်း သတင်းမှာဖော်ပြပါတယ်။
CCTV က ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်ထဲမှာ ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန်အတွင်း ကယ်ဆယ်ရေးသမားတွေနဲ့ တောင်ပေါ်ကိုတက်နေတဲ့ ဒေသခံတွေကို ပြသခဲ့ပါတယ်။
CCTV က ဒရုန်းမှတ်တမ်းတွေမှာလည်း မြစ်တစင်း ရေစီးသန်နေပြီး ပြင်းထန်တဲ့ ရေစီးကြောင်းတွေကြောင့် မြေပြိုမှုဖြစ်ပွားတာကိုလည်း မြင်တွေ့ရပါတယ်။
ဇူလိုင် ၁၁ ရက်အထိ အဲဒီဒေသရှိ မုန်တိုင်းတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အတိုင်းအတာတခုအထိ အခက်အခဲဖြစ်စေတယ်လို့လည်း နိုင်ငံပိုင်မီဒီယာက သတိပေးထားပါတယ်။
တိဘက်၊ စီချွမ်နဲ့ ယူနန်ဒေသတွေ အပါအဝင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မိုးအသင့်အတင့်မှ မိုးသည်းထန်စွာ ရွာသွန်းလိမ့်မယ်လို့ အမျိုးသား မိုးလေဝသ ခန့်မှန်းသူတွေအရ သိရပါတယ်။
Source-Reuters