Home
မြန်မာသတင်း
သာကေတတွင် မီးလောင်ပြီး ၈ နှစ်အရွယ် ကလေး ၁ ဦး သေဆုံး
DVB
·
July 10, 2024
Photo Crd-အောင်နိုင်သူလူမှုကူညီရေးအသင်း
Photo Crd-အောင်နိုင်သူလူမှုကူညီရေးအသင်း
Photo Crd-အောင်နိုင်သူလူမှုကူညီရေးအသင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ဒီနေ့ ဇူလိုင် ၁၀ ရက် မနက်က ဘက်ထရီပန်ကာ အားသွင်းပြီး အသုံးပြုခဲ့ရာက အပူလွန်ကဲပြီး နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ရာ ၈ နှစ်အရွယ် ကလေးငယ်တဦး မီးလောင်သေဆုံးခဲ့ကြောင်း မြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။

သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ တပ်ဖွဲ့လမ်းမှာ ဒီနေ့မနက် ၇ နာရီကျော်က နှစ်ထပ်အိမ်တလုံးအတွင်း မီးလောင်မှုဖြစ်ပွားခဲ့တာလို့ အောင်နိုင်သူ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

“ကလေးက ၈ နှစ်ဝန်းကျင်အရွယ် ယောက်ျားလေးပါ။ အထဲမှာ ပိတ်မိနေတာဆိုတော့ မီးခိုးမွှန်ပြီး ဆုံးတာပါ။ မီးလောင်ကျွမ်းတာက ခဏလေးအတွင်းမှာဆိုတော့ အချိန်မီ မကယ်တင်လိုက်နိုင်ဘူးပေါ့။ ကလေးကိုတော့ အသင်းကားနဲ့ စံပြဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။”

မီးလောင်မှုကြောင့် အလျား ပေ ၂၀၊ အနံ ပေ ၆၀ ရှိ နေအိမ်အပေါ်ထပ်နဲ့ အတွင်းပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး အသက် ၈ နှစ်အရွယ် မောင်ပြည့်စုံထွန်းထွန်းဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရပါတယ်။

မီးလောင်မှုမှာ ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၂ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျော်နဲ့ လူမှု​ရေးအသင်းအဖွဲ့တွေက ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ခဲ့ကြပါတယ်။

အိမ်ရှင်ဖြစ်သူ အသက် ၅၃ နှစ်အရွယ် ဦးမျိုးမြင့်ကိုတော့ ပေါ့ဆမီးအသုံးပြုမှု ပုဒ်မ၂၈၅၊ ပုဒ်မ ၃၀၄(က) နဲ့ သာကေတမြို့မရဲစခန်းက အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ရဲစခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013