Home
မြန်မာသတင်း
နတ်တလင်းနှင့် ပေါင်းတည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
DVB
·
July 15, 2024

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာမှာ ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း-၃၈၀၁၊ တပ်ခွဲ ၂ PHOENIX DF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေက ဆိုင်ကယ် ၂ စီးနဲ့ ကျောက်ခွက်ရွာကနေ ထွက်လာတာဖြစ်ပြီး လယ်မအင်းကျေးရွာရှိ ပန်းပဲဖိုနဲ့ လျှော်ဖြူစိုက်ခင်းကြားမှာ ရီမုမိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးတဦး‌ သေဆုံးပြီး တဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ PHOENIX DF အဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြား‌ရေး တာဝန်ခံက ပြောပါတယ်။

“ဆိုင်ကယ်တစီးမှာ နှစ်ယောက်စီပါတယ်။ အရှေ့တစီးမှာက စစ်သားနှစ်ယောက်။ ဗိုလ်တွေလို့လည်း ပြောတယ်။ နောက်တစီးကတော့ ပျူစောထီးတွေ။ အခုထိသွားတာက အနောက်ဆိုင်ကယ်က ပျူစောထီးတွေကို ထိတာ။ သူတို့က ဗိုလ်တွေကို နယ်မြေလိုက်ပြတာလို့လည်း ကျနော်တို့ ကြားတယ်။ အဲဒီဆိုင်ကယ်နှစ်စီးနောက်မှာလည်း နောက်ဆိုင်ကယ်တွေ ပါသေးတော့ စောင့်ပြီးထပ်ခွဲရင် ကျနော်တို့ရဲဘော်တွေ အထိအခိုက်ရှိနိုင်လို့ ပြန်ဆုတ်လာခဲ့တာ။”

PHOENIX DF အဖွဲ့က စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်တွေဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပြီး စစ်ကောင်စီက လမ်းသွားလမ်းလာ ဒေသခံတွေကို မေးမြန်းစစ်ဆေးတာတွေ၊ သေနတ်ဒင်နဲ့ ရိုက်နှက်တာတွေ၊ ရိုက်နှက်နှိပ်စက်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် PHOENIX DF အဖွဲ့က လွန်ခဲ့တဲ့ ဇူလိုင် ၁၀ ရက် ညကလည်း ကင်းလှည့်လာတဲ့ ရဲနဲ့ ပျူစောထီးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာလည်း သစ်ပုတ်ကျေးရွာအုပ်စု၊ သစ်ပုတ်ရွာမှာ ဇူလိုင် ၁၂ ရက်‌ နေ့လယ်က တာဝါတိုင်အထိုင်စခန်းကနေ ရွာထဲကိုဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၁ ရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သစ်ပုတ်ရွာ တာဝါတိုင်စခန်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး၊ တာဝါတိုင်အစောင့် ၂၅ ဦးနဲ့ စုစုပေါင်း အင်အား ၅၀ လောက် အထိုင်ချနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးက သစ်ပုတ်ရွာထဲကို ဟင်းသီးဟင်းရွက် လာရှာတာကြောင့် တော်လှန်ရေးရဲဘော်တွေက ကြိုတင်သတင်းရလို့ သစ်ပုတ်ရွာထိပ်မှာ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ၃၆၀၁ PPDF တပ်ရင်း သတင်းနဲ့ ပြန်ကြားတာဝန်ခံက ပြောပါတယ်။

“သူတို့က သစ်ပုတ်တာဝါတိုင်စခန်းမှာ အထိုင်ချနေ‌တာတော့ ကြာပါပြီ။ ရွာဘက်ကိုက တရက်ခြား၊ နှစ်ရက်ခြားဆိုသလို ဟင်းစားလာရှာတာရှိတယ်။ သူတို့လာရှာတဲ့အချိန်နဲ့ ကျနော်တို့နဲ့ ထိပ်တိုက်သွားတွေ့တဲ့အချိန် လက်ဦးမှုရလိုက်တာပေါ့။ ကျနော်တို့ဘက်က သုံးဦးက လက်နက်အပြည့်အစုံနဲ့။ သူတို့ဘက်က တယောက်ပဲ လက်နက်ပါတာဆိုတော့ သူတို့ဘက်က နှစ်ယောက်က နေရာမှာတင် လဲကျသွားတာ။”

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က တဦးသေဆုံးပြီး တဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကာ စစ်ကောင်စီဘက်က သေဆုံးသူအလောင်းကို လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာ‌တွေအပြင် စစ်ကောင်စီ စခန်းချရာ သစ်ပုတ်တာဝါတိုင်စခန်းနဲ့လည်း အလွန်နီးကပ်တာကြောင့် တော်လှန်ရေးရဲဘော်တွေဘက်က ပြန်လည်ဆုတ်ခွာခဲ့ရပြီး ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013