ရခိုင်ပြည်နယ်၊ သံတွဲနဲ့ မောင်တောမြို့နယ်တွေက ဒေသခံပြည်သူတွေအနေနဲ့ တပ်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်သားတွေ ထားရှိခဲ့တဲ့ စွန့်လွှတ်မိုင်းတွေကို အထူးသတိပြုကြဖို့အတွက် အာရက္ခတပ်တော် (AA) က သတိပေးလိုက်ပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ မိုင်းနဲ့ပတ်သက်တဲ့ ဗဟုသုတ၊ အသိပညာတွေကို သိရှိအောင် ပြုလုပ်ထားဖို့ လိုအပ်ပြီး စစ်ကောင်စီတပ်စခန်း ပတ်ဝန်းကျင်တွေ၊ စစ်ကောင်စီ (ယာယီ) စခန်းချခဲ့တဲ့ နေရာတွေမှာ မိုင်းအန္တရာယ် သတိမမူဘဲ သွားလာတာကို မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
သံတွဲဒေသခံတဦးက “ကျနော်တို့မှာက စားသောက်ကုန်တွေကအစ အားလုံး ဖြတ်တောက်ထားလို့ တောင်မှာ ဟင်းရှာထွက်ပြီး နေထိုင်စားသောက်နေရတာ။ စစ်တပ်က နေရာပေါင်းစုံ မိုင်းတွေထောင်ထားတော့ ပြည်သူတွေက အသက်နဲ့ရင်းပြီး စားဝတ်နေရေးကို ဖြေရှင်းကြရတာပေါ့။ အခုဆိုရင် ခြေထောက်ပြတ်တဲ့လူ၊ လက်ပြတ်တဲ့လူနဲ့ တချို့ မိုင်းထိပြီး သေတဲ့လူတွေမှ အများကြီးဖြစ်လာပြီ။ အရမ်းကို အောက်တန်းကျတဲ့လုပ်ရပ်ပါ” လို့ ပြောပါတယ်။
စစ်ရေးပြင်းထန်နေတဲ့ သံတွဲနဲ့ မောင်တောမြို့ကို စစ်ကောင်စီက ခံစစ်အဖြစ် ပြင်ဆင်နေသလို မြို့တွင်းကို ဝင်ရောက်နိုင်တဲ့ နေရာတွေ အပါအဝင် တံတားတွေနဲ့ သူတို့စခန်းချခဲ့တဲ့ နေရာတွေမှာ စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီထံက သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာလည်း သူတို့ထားခဲ့တဲ့ စွန့်လွှတ်မိုင်းတွေကြောင့် ဒေသခံပြည်သူတွေမှာ နေ့စဥ်ဆိုသလို အသက်သေဆုံးတာအပြင် ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာတွေကို ကြုံတွေ့နေရဆဲဖြစ်တယ်လို့ AA က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်မှာလည်း သံတွဲမြို့၊ နံတော်တောင်တံတား (နန်းချောင်းတံတား) ပေါ်မှာ ဖောက်ခွဲဖျက်ဆီးဖို့ စစ်ကောင်စီက တံတားပေါ် မိုင်းတွေထောင်ထားခဲ့ကြောင်း အာရက္ခတပ်တော် (AA) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။