Home
မြန်မာသတင်း
ကိုးကန့်ဒေသ လောက်ကိုင်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
DVB
·
July 15, 2024
Photo- The Kokang

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဇူလိုင် ၁၄ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတဦး သေဆုံးပြီး တဦး ဒဏ်ရာရကြောင်း ကိုးကန့်သတင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “လောက်ကိုင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲတာ၊ ဇူလိုင်လ ၁၄ ရက် မနက် ၂ နာရီကျော် ဝန်းကျင်က” လို့ ပြောပါတယ်။

ဟိုတယ် ၂ လုံးပေါ် လေကြောင်းနဲ့ ဗုံး ၂ လုံး လာကြဲသွားကာ ထိခိုက်ပျက်စီးသွားသလို ဗုံးရဲ့ အရှိန်တုန်ခါမှုကြောင့် ဟိုတယ်ရဲ့ မှန်တွေ အကုန်လုံး ကွဲကုန်တယ်လို့ သူက ပြောပါတယ်။

“ဟိုတယ်တလုံးမှာက လူ အယောက် ၂၀ လောက် ရှိနေတာ ဘာမှမဖြစ်ဘူး ပြောတယ်။ ဟိုဘက် ဟိုတယ်တလုံးကတော့ လူတယောက် သေသွားတယ်။ လောက်ကိုင်ဒေသခံပဲ။ အရပ်သား။”

ဗုံးကြဲခံရတဲ့နေရာဘက် ကိုးကန့်စစ်သားတွေ လာရောက်ပြီး အကုန်လုံး လူတွေရော ပစ္စည်းတွေပါ ရွှေ့ပြောင်းပေးလိုက်ပြီလို့ သူက ပြောပါတယ်။

လောက်ကိုင်မြို့၊ တုံချိန်ဘက်ကို မနက် ၂ နာရီခွဲဝန်းကျင်ခန့် ပြည်သူတွေ အိပ်မောကျနေချိန်မှာ လေကြောင်းနဲ့ ဗုံးလာကြဲခဲ့တာကြောင် လူတဦးသေဆုံးပြီး အနည်းဆုံး လူတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကိုးကန့်သတင်းဌာနကလည်း ထုတ်ပြန်ထားပါတယ်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် တုံချိန်ဘက် Rainbow တံတားဘေးရှိ Royal Lever Hotel နဲ့ Dongcheng International ဟိုတယ်တို့ ထိခိုက်ခဲ့ပြီး ပေါက်ကွဲအားကြောင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦတွေလည်း ပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။

ဗုံးကြဲမှုကြောင့် ဟိုတယ်အပေါ်ဆုံးထပ်က ဝန်ထမ်းအိပ်‌ဆောင်ကို ထိမှန်ခဲ့ပြီး ဆိုးရွားစွာ ပျက်စီးခဲ့ပေမဲ့ ဝန်ထမ်းတွေရှိမနေလို့ ထိခိုက်မှုမရှိကြောင်း၊ တတိယထပ်ရှိ လူ အယောက် ၂၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

Dongcheng International ဟိုတယ်မှာ‌တော့ အပေါ်ဆုံးထပ် နံရံပေါက်သွားပြီး တခြားအထပ်က မှန်တွေ ကွဲကျပျက်စီးကုန်ကာ ပေါက်ကွဲအား ပြင်းထန်တာကြောင့် ငါးလွှာအခန်းတခန်းမှာ နေထိုင်တဲ့ ပြည်သူတဦး သေဆုံးခဲ့ရကြောင်း၊ အပေါ်ထပ်မှာ နေထိုင်သူတွေနဲ့ ပစ္စည်း‌တွေကို ဘေးကင်းရာ ပြောင်းရွှေ့ထားကြောင်း ဖော်ပြထားပါတယ်။

သေဆုံးသူမှာ ၃၇ နှစ်ရှိ Wang ဆိုသူဖြစ်ပြီး ဆီအောရွာမှာ နေထိုင်သူဖြစ်ကာ ဦးခေါင်းအနောက်ဘက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လေကြောင်း ဗုံးမကြဲခင် အရင်ရက်တွေမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ စုံစမ်း ထောက်လှမ်းတာတွေ ပြုလုပ်ခဲ့ကြောင်း၊ လတ်‌တလော စစ်ကောင်စီဘက်က လူနေရပ်ကွက်တွေကို ပစ်မှတ်ထား လေကြောင်း ဗုံးကြဲတိုက်ခိုက်လာနေကြောင်း၊ ပြီးခဲ့တဲ့ ရက်ပိုင်းက သိန္နီ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကိုလည်း လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာ ရှိခဲ့‌ေကြာင်းလည်း ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနဲ့ အနီးဆင်နွှဲနေတဲ့ ထိုးစစ်ကို ၄ ရက်ကြာ ယာယီရပ်နားမှာ ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ဇူလိုင် ၁၄ ရက် ရက်စွဲနဲ့  ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024