Home
မြန်မာသတင်း
မိုးကုတ်တွင် တိုက်ပွဲပြင်းထန်နေပြီး လူနေအိမ်အချို့ မီးလောင်၊ တနင်္သာရီမြို့နယ်ကို စစ်တပ်က ဗုံးကြဲ
DVB
·
July 15, 2024

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် လက်နက်ကြီးတွေကျလို့ လူနေအိမ်တချို့ မီးလောင်နေသလို တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက် ဗုံးစထိမှန် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း၊ ပန်းမထိပ်ရွာနဲ့ ဗမွန်ရွာအနီးမှာ ဇူလိုင် ၁၃ ရက်နေ့ နေ့ခင်းပိုင်းကစလို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ပစ်ကူတဲ့ လက်နက်ကြီးတွေ လူနေအိမ်တချို့ပေါ် ကျတာကြောင့် နေအိမ်တွေ မီးလောင်နေတယ်လို့ မြို့ခံတွေ​ဆီက သိရပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း၊ ပန်းမထိပ်ရွာမှာ စစ်တပ်စစ်ဆေးရေးဂိတ်ရှိပြီး အဲဒီနေရာကနေ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ကြားရပြီးနောက် မြို့တွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ ပစ်ကူပေးခဲ့တာလို့ ​မြို့ခံတွေက ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း မြို့မရပ်ကွက်က မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းနား နေအိမ်ပေါ် ဇူလိုင် ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်မှာ လက်နက်ကြီးကျတာကြောင့် နေအိမ်မီးလောင်ခဲ့ပြီး ဘေးက အိမ် ၂ လုံးကိုပါ ကူးစက်လောင်ခဲ့တယ်လို့ အနီးနားနေထိုင်သူတယောက်က ပြောပါတယ်။

“ပစ်သံတွေက ရပ်မသွားတော့ ထွက်မကြည့်ရဲကြဘူး။ မီးကတော်တော်စွဲနေတာဆိုတော့ ဘေးအိမ်တွေ ကူးပြီးမှ မီးသတ်ကား ရောက်လာတယ်။ လူထိခိုက်တော့မရှိဘူး။”

မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်မှာ ဇူလိုင် ၁၂ ရက် ညနေပိုင်းက ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် ရပ်ကွက်နေထိုင်သူတွေ မြို့ထဲအခြားနေရာတွေကို ပြောင်းရွှေ့ နေထိုင်နေရပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်းက တောင်ပေါ်ဘုရားနဲ့ ​လူနေရပ်ကွက်က ဘုရားတွေပေါ်မှာ စစ်ကောင်စီတပ်က တပ်ဖြန့်ထားပြီး တပ်စွဲထားတယ်လို့သိရပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားပြည်သူ ၂ ယောက် ဗုံးသီးအစထိမှန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီခွဲအချိန်လောက်က ပဝကျေးရွာအုပ်စု၊ ပဝကျေးရွာနဲ့ အနောက်သာရဖုံကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက K8W တိုက်လေယာဉ်နဲ့ ဗုံး ၁၈ လုံးလောက် လာကြဲသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အနောက်သာရဖုံကျေးရွာမှာ ဗုံးသီး ၁၂ လုံး လောက် ကြဲသွားပြီး အသက် ၄၁ အရွယ် အမျိုးသားတဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတဦးတို့ ဗုံးသီးအစထိမှန်ခဲ့သလို အိမ်မွေးဝက်တကောင်လည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အနောက်သာရဖုံရွာသားတယောက်က “အိမ်အနီးနားမှာကျလို့ထိတာပါ။ ရွာထဲနဲ့ရွာထိပ်ပိုင်းကို အဓိက ကြဲတာပါ။ ရွာထိပ်က ၁ ဦးနဲ့ လယ်ပြင်စပ်အိမ်က ၁ ဦး ထိတယ်။ စက်သေနတ်နဲ့ အချက် ၃ဝ ထက်မနည်းပစ်ခဲ့သေးတယ်” လို့ ပြောပါတယ်။

ပဝကျေးရွာထဲကို ဗုံးသီး ၆ လုံးလောက်ကြဲသွားတယ်လို့ သိရပြီး အရပ်သားပြည်သူတွေ ထိခိုက်တာတော့ မရှိဘူးလို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ဒီမတိုင်ခင် ဇူလိုင် ၂ ရက်နေ့ နေ့လယ်ပိုင်းကလည်း အနောက်သာရဖုံရွာကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ဗုံးသီး ၇ လုံးကြဲသွားခဲ့တာကြောင့်  ၉ တန်းကျောင်းသားတယောက် ဗုံးသီးအစ ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ အခုနှစ် ဇွန်လ ဒုတိယအပတ်လောက်ကစပြီး တနင်္သာရီမြို့နယ်ဘက်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတယ်လို့ ဒေသခံပြည်သူတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013