ဧရာဝတီတိုင်း၊ ပုသိမ်မြို့နဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကို ဆက်သွယ်ထားတဲ့ ပုသိမ်-မုံရွာလမ်းပိုင်းမှာ အရပ်သား မော်တော်ယာဉ်တွေကို သုံးပြီး စစ်ကောင်စီတပ်က လက်နက်ခဲယမ်း သယ်ဆောင်တာ၊ စစ်အင်အားဖြည့်တာနဲ့ စစ်ကြောင်းထိုးတာတွေ လုပ်နေလို့ ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ ပွင့်ဖြူအခြေစိုက် မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပွင့်ဖြူမြို့နယ်အတွင်းမှာ ပြည်သူတွေရဲ့ မော်တော်ယာဉ်တွေကို အသုံးပြုပြီး စစ်ကြောင်းသွားနေကြလို့ ဇူလိုင် ၁၃ ရက်နေ့ကစပြီး အမိုးအကာများအုပ်ပြီး မောင်းနှင်တာ၊ မှန်ပိတ်မောင်းနှင်တာတွေ မပြုလုပ်ဖို့နဲ့ ည ၈ နာရီကနေ မနက် ၅ နာရီအထိ ပွင့်ဖြူမြို့နယ်အတွင်း ပုသိမ်-မုံရွာလမ်းကို အသုံးပြုခွင့်မပေးဘူးလို့ သိရပါတယ်။
မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း တာဝန်ခံက “စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးတာ၊ စလင်းဘက်ကို အင်အားဖြည့်တာတွေ၊ လက်နက်ခဲယမ်း သယ်ဆောင်တာတွေ ပြုလုပ်နေလို့ပါ ခင်ဗျ။ အဓိကကတော့ အဲဒီလမ်းမှာ ပခ၊ ဝါစိုက်ပျိုးရေးတပ်နဲ့၊ စလင်းကံပြားမှာ ရောက်နေတဲ့ စခ တပ်ပေါင်းစုံ အသုံးပြုနေတာခင်ဗျ။ ပြည်သူတွေအနေနဲ့ ညဘက်မဟုတ်ဘဲ နေ့ခင်းဘက်တွေမှာလည်း စစ်ကောင်စီကားတွေနဲ့ ဝေးဝေးနေကြဖို့နဲ့ စစ်ဆင်ရေး အရှိန်မြှင့်တင်နိုင်ဖို့ ပူးပေါင်းပါဝင်ကြဖို့ ပြောချင်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။
ပွင့်ဖြူမြို့နယ်အတွင်းက ဒေသခံကျေးရွာတွေကို အရေးပေါ်အခြေနေမှာ ဆက်သွယ်လို့ရအောင် လမ်းကြောင်းချိတ်ဆက်ပေးထားတယ်လို့လည်း သိရပါတယ်။