Home
မြန်မာသတင်း
ကူတော်ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်၊ ကျွန်းလှနှင့် တန့်ဆည်က ရွာများကို စစ်တပ်နှင့် ပျူများ မီးရှို့
DVB
·
July 14, 2024

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာနယ်မြေခံရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က  လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျွန်းလှနဲ့ ‌တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က မီးရှို့နေလို့ ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရပါတယ်။

ကူတော် စစ်ကောင်စီစခန်းကို  ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင် ၁၃ ရက် ညနေပိုင်းမှာ အင်အား ၅၀ လောက်နဲ့ သွားရောက် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ဘုတလင် ဒေါင်းမာန်အဖွဲ့တာဝန်ရှိသူက “ကျနော်တို့ သွားပစ်တာကို စကစဘက်ကကြိုသိလို့ ထင်တယ်ဗျ။ စခန်းအတွင်းကနေ ပြန်ပစ်တာမဟုတ်ဘဲ   ရွာထဲက ပြည်သူ‌နေအိမ်တွေပေါ်ကနေ နေရာယူပြီး  ကျနော်တို့ကို ပြန်ပစ်တယ်။ ကျနော်တို့ဘက်ကလည်း ၄၀ မမ ကျည် ၂ လုံး၊ ဒရုန်းယာဉ်နဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်ဗျ။ သူတို့ဘက်ကလည်း MA 1၊ စက်ကလေး၊ 40၊ G3 တို့နဲ့ ကျနော်တို့ဘက်ကို ပြန်လည်ပစ်ခတ်တယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

ဒေသခံတယောက်ကတော့ ရွာသားတွေဟာ ရွာထဲမှာ မနေရကြတာ ကြာပြီလို့ ပြောပါတယ်။ အခုတိုက်ပွဲကို  BGA တပ်ပေါင်းစုက ဒေါင်းမာန်-အဖွဲ့၊ နယ်ခြားအဖွဲ့၊ တပ်ရင်း ၂၆၊ တပ်ရင်း ၁၉၊ တပ်ရင်း ၂၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ဘုတလင်မြို့နယ်၊ ကူတော်ရွာ နယ်မြေခံရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ၂၀၂၂ ခုနှစ် ဧပြီ ၈ ရက် ညကလည်း ဝင်ရောက်စခန်းသိမ်းခဲ့ပြီး စစ်ကောင်စီဘက်က တကျော့ပြန် ပြန်လည်သိမ်းယူကာ အခိုင်အမာဘန်ကာတွေ ပြန်လည်တည်ဆောက် အထိုင်စခန်းပြုလုပ်ထားတာ ဖြစ်ပါတယ်။

ကျွန်းလှမြို့နယ်နဲ့ ‌တန့်ဆည်မြို့နယ်အတွင်းက ပြည်သူကျေးရွာတွေကို စစ်တပ်က ဇူလိုင် ၁၃ ရက်နေ့ ညနေ ၄ နာရီကစပြီး ဒီနေ့ ဇူလိုင် ၁၄ ရက်နေ့အထိ မီးရှို့နေတာကြောင့်  ဒေသခံပြည်သူ ၁ သောင်းကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ခမရ ၃၆၁ က စစ်သားတွေနဲ့ ကျွန်းလှမြို့နယ်အတွင်းက ဦးဝါသဝရဲ့ ပျူစောထီးတွေ ပူးပေါင်းလာရောက် ရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည် ဒေသခံတယောက်က “ဇူလိုင်လ ၁၃ ရက်နေ့က ကျွန်းလှမြို့နယ် အင်တိုင်းရွာကနေ စစ်ခွေးတွေက ထွက်လာပြီး ကျနော်တို့ တန့်ဆည်မြို့ဘက်ခြမ်းက စည်းသာရွာကို မီးရှို့တယ်ဗျ။ မီးရှို့တာက ညနေ ၄ နာရီခန့်ကမီးရှို့ပြီး ကျွန်းလှမြို့နယ်ဘက်ခြမ်းကို ပြန်ဆုတ်သွားတယ်။ သူတို့ရွာကို မီးရှို့လို့  ပြည်သူနေအိမ် ၇၀ နီးပါးလောက် မီးလောင်ခဲ့တယ်ဗျ” လို့ ပြောပါတယ်။

စစ်ကာင်စီတပ် မီးရှိုခဲ့တဲ့ တန့်ဆည်မြို့နယ်၊ စည်းသာရွာဟာ ကျွန်းလှမြို့နယ်နဲ့ ကပ်လျက်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။

ညောင်ကိုင်းရွာသားတယောက်က “ကျနော်တို့ ကျွန်းလှမြို့နယ်၊ ညောင်ကိုင်းအုပ်စု၊ ညောင်ကိုင်းရွာကို စစ်ကောင်စီတပ်က ဒီ‌နေ့ ဇူလိုင်လ ၁၄ ရက်နေ့ မနက်ခင်း ၉ နာရီက စပြီးမီးရှို့ နေတယ်ဗျ။ ရွာထဲကနေလည်း မထွက်သေးတော့ မီးလောင်ဆုံးရှုံး အိမ်အရေအတွက်ကတော့ မသိရသေးဘူးဗျ။ ရွာသားတွေကတော့ အကုန်ထွက်ပြေးနေရတာ ၂ ရက်အထိရှိနေပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့နေတာကြောင့် တန့်ဆည်မြို့နယ်အတွင်းက စည်းသာရွာနဲ့ ကျွန်းလှမြို့နယ်၊ ညောင်ကိုင်းအုပ်စုအတွင်းက ညောင်းကိုင်းရွာ၊ ပေါရောရွာ၊ သစ်တောရွာ၊ ကနီရွာ၊ မြင်သာရွာ စတဲ့ ရွာတွေက ဒေသခံ ပြည်သူ ၁ သောင်းကျော် ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ကျွန်လှမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ဒီကောင်တွေကတော့ တိုက်ပွဲမရှိဘဲနဲ့ကို ရွာတွေကို မီးရှို့နေတာပါဗျာ။ ရွာတွေကို မီးရှို့တော့ ရပ်ကျေးလုံခြုံရေးအဖွဲ့က စိတ်တိုပြီး ပြန်ပစ်တာတွေတော့ရှိတာပေါ့။ ရပ်ရွာလုံခြုံရေးဆိုတော့ တူမီးအဆင့်သာသာရှိတဲ့ လက်နက်လေးနဲ့ပဲ စိတ်တိုပြီးပစ်တာတော့ ရှိတယ်။ ကျနော်တို့အမြင်ကတော့ဗျာ ဒီကောင်တွေက လူစိတ်မရှိတဲ့ ကောင်တွေလို့ပဲ ပြောရမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ရိက္ခာပြတ်လပ်တိုင်း ကျေးရွာတွေကို ဝင်ရောက်ပြီး ဆန်၊ ဆီနဲ့ ရွှေ၊ ငွေ အပါအဝင် တန်ကြေးရှိပစ္စည်းတွေကို ယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024