မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာပို့ယာဥ်တစီးကို ဇူလိုင် ၁၄ ရက် မနက် ၆ နာရီခွဲဝန်းကျင်က ဖမ်းဆီးရမိလိုက်တယ်လို့ ရေစကြို-ပကဖ ဆီကနေ သိရပါတယ်။
ရေစကြို-ပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ရေစကြိုအခြေစိုက်တဲ့ ခလရ ၂၅၇ ကနေ ဇီးတောရွာ ပျူစောထီးစခန်းကို ရိက္ခာပို့မယ့်ကားကို ကြိုတင်သတင်းရခဲ့လို့ စောင့်ဆိုင်းပြီး အောင်မိုးလမ်းခွဲမှာ ဖမ်းမိခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မော်တော်ယာဥ်ပေါ်မှာ ဆန် ၂၄ အိတ်၊ ဆီပုံး ၄ ပုံး၊ ဆား ၂ အိတ်၊ ပဲ ၃ အိတ်၊ နို့ဆီ ၅ ဖာနဲ့အတူ ယာဥ်မောင်းအပါအဝင် ၂ ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။
ရေစကြို-ပကဖ တာဝန်ခံတဦးက “လိုက်ထရပ်ကားနဲ့ အရပ်သားကား အယောင်ဆောင်လာတာ။ ကားနဲ့အတူဖမ်းမိတဲ့ ၂ ယောက်ကို စစ်ဆေးနေပါတယ်၊ အဖြေမထွက်သေးပါဘူး” လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ရေစကြိုမြို့နယ်က အောင်မိုးလမ်းခွဲအနီးမှာရှိတဲ့ ဇီးတောကျေးရွာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာကာ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့လည်း ရေစကြို-ပကဖ ဆီကနေ သိရပါတယ်။
ရေစကြိုမြို့မှာ ဇူလိုင် ၈ ရက် ညဦးပိုင်းက မိခင်ဖြစ်သူကို ရှာဖွေမတွေ့တဲ့အတွက် သားဖြစ်သူကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး သတ်ပစ်ကာ မိသားစုထံ အလောင်းပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။
ရပ်ကွက်နေ ဒေသခံတဦးက “PDF ထောက်ပံ့တယ်ဆိုပြီး အိမ်ထဲဝင်ဖမ်းသွားတာ။ သူတို့လိုချင်တဲ့သူကို မတွေ့လို့ သားလုပ်တဲ့သူကို ဖမ်းသွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရေစကြိုမြို့၊ အမှတ် ၁ ထင်းတန်းရပ်ကွက်က နေအိမ်တအိမ်ကို ဝင်ရောက်ရှာဖွေကာ သူတို့ဖမ်းဆီးလိုတဲ့ အမျိုးသမီးကို ရှာဖွေမတွေ့ရှိတဲ့အတွက် သားဖြစ်သူ အသက် ၁၅ နှစ်ဝန်းကျင် မောင်ဝဏ္ဏအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇူလိုင် ၉ ရက်မှာတော့ နေအိမ်ကို အလောင်းပြန်ပို့သွားတယ်လို့ ဆိုပါတယ်။
နီးစပ်သူတဦးက “အဲဒီမိသားစုက PDF ထောက်ပံ့ဖို့မပြောနဲ့ တနေ့လုပ်မှ တနေ့စားတွေ။ အဲဒီကလေးက အဟောင်းပစ္စည်းဝယ်တဲ့ဆိုင်မှာ အလုပ်လုပ်နေရတာ။ ဒီကလေးကို စစ်သားတွေဖမ်းသွားပြီး နောက်နေ့ကျ အိမ်ကို အလောင်းပြန်ပို့သွားတယ်။ အလောင်းမှာက နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ နည်းတာမဟုတ်ဘူး” လို့ ပြောပါတယ်။
သေဆုံးသွားခဲ့တဲ့ မောင်ဝဏ္ဏအောင်ရဲ့ ရုပ်အလောင်းမှာ လည်ပင်း၊ နောက်ကျောနဲ့ ခန္ဓာကိုယ် နေရာအနှံ့အပြားမှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ အများအပြား တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
ဇူလိုင် ၁၀ ရက်နေ့မှာတော့ မောင်ဝဏ္ဏအောင်ရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်ကလည်း ရေစကြိုမြို့၊ အမှတ် ၁၊ နဂါးရုံးရပ်ကွက်မှာ နေထိုင်တဲ့ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၂၆ နှစ်အရွယ် မောင်ဖြိုးသက်ကျော်ကို စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
ရေစကြိုမြို့ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့မြို့ ဖြစ်တဲ့အားလျော်စွာ မကြာခဏဆိုသလို ဒေသခံပြည်သူတွေကို စစ်တပ်ကနေ ဖမ်းဆီးသတ်ဖြတ်တာတွေ ပိုမိုဆိုးရွားလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။