Home
မြန်မာသတင်း
စဥ့်ကူးမြို့ကို မန္တလေး PDF တိုက်ခိုက်၊ မြင်းမူ၌ စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ပုသိမ်-မုံရွာလမ်း၌ စစ်ကြောင်းထိုး
DVB
·
July 15, 2024

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာရှိတဲ့ စစ်​ကောင်စီတပ်တွေကို ဇူလိုင် ၁၄ ရက် ညနေပိုင်းအထိ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်​နေတယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တ​လေး (MDY-PDF) ဆီကနေ သိရပါတယ်။

MDY-PDF တာဝန်ခံတဦးက “သတင်းတွေထွက်နေတဲ့ စဥ့်ကူးမြို့ကို သိမ်းလိုက်ပြီဆိုတာ မဟုတ်သေးပါဘူးဗျ။ အခုထိ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တ​လေးနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ စဥ့်ကူးမြို့ကို သိမ်းပိုက်ရရှိခဲ့ပြီလို့ အင်တာနက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့အပေါ် အခုလို ဖြေကြားလိုက်တာလည်း ဖြစ်ပါတယ်။

MDY-PDF ပြောရေးဆိုခွင့်ရှိသူတဦးက “တချို့မီဒီယာတွေအနေနဲ့ သက်ဆိုင်ရာ PDF တပ်ဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ချက်တွေ အပေါ်မှာ အတည်ပြုချက် ရယူပြီးမှသာ သတင်းရေးသားတာတွေ ပြုလုပ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျနော်တို့အဖွဲ့တွေဘက်ကလည်း အချိန်နဲ့တပြေးညီ သတင်းတွေ ထုတ်ပြန်ပေးနေပါတယ်” လို့ ပြောပါတယ်။

စဥ့်ကူးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဇူလိုင် ၁၄ ရက် နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း ဂျက်ဖိုက်တာနဲ့ Mi 35 ရဟတ်ယာဥ်တွေ အသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်နေတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စဥ့်ကူးမြို့ခံတဦးက “အရင်ရက်တွေကနဲ့ ဒီနေ့ နေ့လယ်ပိုင်းအထိတော့ ပစ်ခတ်သံတွေ ဆက်တိုက် ကြားနေရတယ်။ အခုညပိုင်းတော့ မကြားရတော့ဘူး” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် စဥ့်ကူးမြို့က ဒေသခံပြည်သူ အများစုဟာလည်း အခုလဆန်းပိုင်းကတည်းက နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြတယ်လို့ သိရပါတယ်။

ဇွန် ၂၅ ရက်ကနေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအနေနဲ့ ရှမ်းမန်းစစ်ဆင်​ရေးမှာ စဉ့်ကူးမြို့နယ်ထဲက ဒိုးနွယ်ရွာတပ်စခန်း၊ နမ့်ဟပ်ရွာတပ်စခန်း၊ မာလဲဆည်ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီတပ်ခစန်း၊ ရွာတော်လေးတပ်စခန်း၊ နွယ်ရုံရဲစခန်း၊ ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်းနဲ့ ပင်လယ်ကြီးတပ်စခန်း ၁၁ ခုကို PDF (မန္တ​လေး) က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ကျန်ရှိနေသေးတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်နေ ပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာလည်း ဇူလိုင် ၁၄ ရက် မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Dog Killers People's Defence Force Myinmu (DK PDF-Myinmu) ဆီကနေ သိရပါတယ်။

DK PDF-Myinmu ရဲ့ တာဝန်ခံတဦးက “မြို့ထဲကနေ ​ခြေလျင်ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်း ၂ ကြိမ် ဆွဲခဲ့တာပါ။ ပထမတကြိမ်ဆွဲတော့ ၅ ကောင်ထက်မနည်းသေပြီး ၇ ကောင်ထက်မနည်း ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေကို အိမ်စီးကားတွေနဲ့ လာရောက်ကာ မြင်းမူမြို့ဘက်ကို သယ်ဆောင်သွားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ DK PDF (Myinmu) တပ်ဖွဲ့ဝင်တဦးက “နာရီမခြားဘူးဗျ။ အခုနက မိုင်းဆွဲခံရတဲ့ စစ်ကြောင်းကနေ ချန်ပြီး ကင်းပုန်းချခဲ့တဲ့ ကောင်တွေကို ဒုတိယအကြိမ် မိုင်းဆွဲခဲ့တာကတော့ အသေအပျောက် မသိရသေးဘူး” လို့ ပြောပါတယ်။

ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လက်နက်ကြီးတွေ အသုံးပြုခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သူက ဆက်ပြောပြပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu (DK PDF-MMU) နဲ့ People's Defence Force (M.M.U) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့​တာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေပြီး ၇ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကနေ သိရပေမဲ့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပုသိမ်-မုံရွာလမ်းပိုင်းမှာလည်း အရပ်သားမော်တော်ယာဉ်တွေကိုသုံးပြီး စစ်ကောင်စီတပ်က လက်နက်ခဲယမ်းသယ်ဆောင်တာ၊ စစ်အင်အားဖြည့်တာနဲ့ စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေလို့ ထိုးစစ်ဆင်တိုက်ခိုက်တော့မယ်လို့ ပွင့်ဖြူအခြေစိုက် မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပွင့်ဖြူမြို့နယ်အတွင်းမှာ ပြည်သူတွေရဲ့ မော်တော်ယာဉ်တွေကို အသုံးပြုပြီး စစ်ကြောင်းသွားနေကြလို့ ဇူလိုင် ၁၃ ရက်ကစပြီး အမိုးအကာများအုပ်ပြီး မောင်းနှင်တာ၊ မှန်ပိတ်မောင်းနှင်တာတွေ မပြုလုပ်ဖို့နဲ့ ည ၈ နာရီကနေ မနက် ၅ နာရီအထိ ပွင့်ဖြူမြို့နယ်အတွင်း ပုသိမ်-မုံရွာလမ်းကို အသုံးပြုခွင့်မပေးဘူးလို့ သိရပါတယ်။

မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း တာဝန်ခံက “စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးတာ၊ စလင်းဘက်ကို အင်အားဖြည့်တာတွေ၊ လက်နက်ခဲယမ်း သယ်ဆောင်တာတွေ ပြုလုပ်နေလို့ပါခင်ဗျ။ အဓိကကတော့ အဲဒီလမ်းမှာ ပခ၊ ဝါစိုက်ပျိုးရေးတပ်နဲ့၊ စလင်းကံပြားမှာ ရောက်နေတဲ့ စခ တပ်ပေါင်းစုံ အသုံးပြုနေတာခင်ဗျ။ ပြည်သူတွေအနေနဲ့ ညဘက်မဟုတ်ဘဲ နေ့ခင်းဘက်တွေမှာလည်း စစ်ကောင်စီကားတွေနဲ့ ဝေးဝေးနေကြဖို့နဲ့ စစ်ဆင်ရေးအရှိန်မြှင့်တင်နိုင်ဖို့ ပူးပေါင်းပါဝင်ကြဖို့ ပြောချင်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်းက ဒေသခံကျေးရွာတွေကို အရေးပေါ်အခြေနေမှာ ဆက်သွယ်လို့ရအောင် လမ်းကြောင်းချိတ်ဆက်ပေးထားတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013