ယီမင်နိုင်ငံ ဟိုဒေးဒါ ဆိပ်ကမ်းမှာ အစ္စရေးတိုက်လေယာဉ်တွေက စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ဇူလိုင် ၂၀ ရက်က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မီးလောင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ရေနံချက်စက်ရုံတွေနဲ့ ဓာတ်အားပေးစက်ရုံတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုမှာ လူ ၃ ဦး သေဆုံးပြီး ၈၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး ယီမင်နိုင်ငံထဲက ဟူသီ လှုပ်ရှားမှုအဖွဲ့ရဲ့ အဓိက ရုပ်မြင်သံကြားဌာန ဖြစ်တဲ့ ဟိုဒေးဒါ အယ်လ် မာစီရာ ရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။
အီရန်ကျောထောက် နောက်ခံပြု ဟူသီအဖွဲ့က ဒရုန်းတစင်းက အစ္စရေးရဲ့ စီးပွားရေးအချက်အချာ ဖြစ်တဲ့ တဲလ်အဗီမြို့ကို ထိမှန်ပြီးတဲ့နောက် တရက်အကြာမှာ ခုလို တိုက်ခိုက်ခဲ့တာပါ။
ဟူသီ သူပုန်တွေက ဒီဆိပ်ကမ်းကို အီရန်ဆီက လက်နက်တွေ တင်ပို့လာတာကို လက်ခံဖို့ သုံးခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အစ္စရေးကနေ ၁,၀၅၆ မိုင်ကျော်ကွာဝေးတဲ့ ပစ်မှတ်တွေမှာ စွမ်းအင်အခြေခံ အဆောက်အအုံတွေလို ၂ မျိုးသုံးတဲ့ နေရာတွေလည်း ပါပါတယ်။
ဟူသီတွေရဲ့ အမြင့်ဆုံး နိုင်ငံရေးကောင်စီက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို ထိထိရောက်ရောက် တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။
ဟူသီ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယာ စာရီးယာ ကလည်း ဟူသီတွေဟာ အစ္စရေးရန်သူရဲ့ အဓိကပစ်မှတ်တွေကို တိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဟူသီတွေက အစ္စရေးကို အကြိမ် ၂၀၀ ကျော် တိုက်ခိုက်အပြီးမှာ ယီမင်ကို တိုက်ခိုက်မှုဟာ ဒေသတွင်းပဋိပက္ခအဖြစ် ရွေ့လျားသွားနိုင်တယ်လို့ အစ္စရေး တာဝန်ရှိသူတွေက ပြောပါတယ်။
အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်ဦးဆောင်တိုက်ခိုက်မှုကြောင့် ဂါဇာ စစ်ပွဲ ဖြစ်လာခဲ့ပြီး ဟားမတ်စ်တွေနဲ့ သွေးစည်းကြောင်းပြတဲ့အနေနဲ့ လက်ဘနွန်က ဟဇ်ဘိုလာတွေနဲ့ ယီမင်က ဟူသီတွေက အစ္စရေးကို တိုက်နေတာပါ။
ဟားမတ်စ်တွေက အောက်တိုဘာ ၇ ရက်က အစ္စရေးမြို့တွေကို စီးနင်းတိုက်ခိုက်ခဲ့လို့ လူပေါင်း ၁၂၀၀ ဝန်းကျင် သေဆုံးပြီး ဓားစာခံ ၂၅၀ ကျော်ကို ဂါဇာဆီ ပြန်ပေးဆွဲ ခေါ်သွားခဲ့တယ်လို့ အစ္စရေးစာရင်းတွေက ဆိုပါတယ်။
အဲဒီအချိန်ကစပြီး ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ချေမှုန်းနေလို့ ပါလက်စတိုင်း ၃၉,၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းနယ်မြေထဲက ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
Source-Reuters