ပြင်သစ်နိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ အကြီးဆုံးမြို့ဖြစ်တဲ့ နီးစ်ဆာမြို့မှာ ဇူလိုင် ၁၈ ရက်က လူစည်ကားတဲ့ ၇ ထပ် အဆောက်အအုံရှိ တိုက်ခန်းတခန်း မီးလောင်မှုကြောင့် ကလေး ၃ ဦးနဲ့ သူတို့ရဲ့မိခင် အပါအဝင် လူ ၇ ဦး သေဆုံးသွားပြီး အာဏာပိုင်တွေကတော့ မီးရှို့မှုလို့ သံသယ ရှိခဲ့ပါတယ်။
လူသေဆုံးမှုဖြစ်စေတဲ့မီးရှို့မှုအဖြစ် ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး အမှုဖွင့်လိုက်တယ်လို့ နီးစ်ဆာမြို့မှ အစိုးရရှေ့နေ ဒါမီယန် မာတီနဲလီက ပြောပါတယ်။
ဒေသစံတော်ချိန် မနက် ၃ နာရီလောက်မှာ စတင်မီးလောင်ခဲ့တာဖြစ်ပြီး ပြတင်းပေါက်အနီးရှိ လူတွေကိုသာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဟူးဂတ်မုတူက BFM ရုပ်သံဌာနကို ပြောကြားခဲ့ပါတယ်။
မီးလောင်မှုကြောင့် အမျိုးသားတဦး၊ ဆယ်ကျော်သက်တဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကလေးငယ် ၃ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲက တဦးဟာ မွေ့ရာနဲ့ချည်ပြီး ပြတင်းပေါက်ကနေ ခုန်ချခဲ့တဲ့ ဖခင်တဦး ဖြစ်တယ်လို့ မုတူက ပြောပါတယ်။
သေဆုံးသူတွေဟာ မီးလောင်ခဲ့တဲ့ စတုရန်းမီတာ ၈၀ အကျယ်အဝန်းရှိ တိုက်ခန်းမှာ နေထိုင်ကြတဲ့ လူ ၁၀ ဦးရှိ မိသားစုမှ မိသားစုဝင်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Source: Reuters