Home
မြန်မာသတင်း
ကြံခင်း ရေဘေးဒုက္ခသည် ၉၀၀ ကျော် အကူအညီလိုအပ်၊ ရေစကြို၌ ရေကြီးပြီး သီးနှံဧက သောင်းချီ ပျက်စီး
DVB
·
July 22, 2024
Photo - MV

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်ပြီး ရေကြီးရေလျှံနေလို့  လူပေါင်း ၉၀၀ ကျော် ရေဘေးသင့်ဒဏ် ခံစားနေရကာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ကြံခင်းမြို့နယ်မှာ ဇူလိုင် ၁၇ ရက်က စတင် ရေကြီးနေတာဖြစ်ပြီး  ဇူလိုင် ၁၈ ရက်ကနေ  ၂၁ ရက်အထိ အိမ်ထောင်စု ၄၀၀ မှာရှိတဲ့ လူဦးရေ ၉၀၀ ကျော်ကို ဘုန်းတော်ကြီးကျောင်း၊ အားကစားခန်းမ၊ ကျေးရွာဂိုဒေါင်နဲ့ ရေဘေးလွတ်တဲ့ နေရာတွေကို ယာယီရွှေ့ပြောင်းပေးထားရပြီး အကူညီတွေ ရေဘေးရှောင်ရတဲ့ ဒေသခံတွေများနေတာကြောင့် အကူအညီတွေလိုအပ်နေတာလို့ ဆိုပါတယ်။

လူမှုကူညီရေး အသင်းဝင်တဦးက ''ဒီနေ့ ရေပြန်ကျတယ်ဆိုပေမဲ့ အများကြီးမဟုတ်ဘူး။ မိုးကလည်း ရွာတာ ရပ်သွားခဏပဲ။ ရေဘေးရှောင်နေရတဲ့ ဦးရေကအရမ်းများတယ်။ လာလှူတဲ့သူတွေရှိတယ်၊ လိုအပ်ချက်ကများတော့ လောက်ငှမှု မရှိဘူး။ လိုအပ်တာပေ့ါ” လို့  ယေက်ကပြောပါတယ်။

ဆိပ်သာ၊ တလိုင်းကွေး၊ သပြေလှ၊ ဆိမ့်ကုန်း၊ ရေလယ်ကျွန်း၊ သောကြာဒူး၊ ကျွန်းကြီး၊ ကျောက်စရစ်ကုန်း စတဲ့ကျေးရွာတွေမှာတွေက အဓိက ရေကြီး၊ရေလျှံနေတာဖြစ်ပြီး လက်ရှိမှာ ရေဘေးသင့်သူတွေအတွက်  ရေဘေးကယ်ဆယ်ရေး စခန်း ၁၀ ခုထက် မနည်းဖွင့်ကာ ရွှေ့ပြောင်းပေးထား ပါတယ်။

ဒေသခံတဦးက ''အခု ရေဘေးသင့်သူတွေ အားလုံးအတွက် စားစရာနဲ့ ရေသန့် အကူအညီတွေလိုအပ်နေတာ။ လတ်တလော လူမှုကူညီရေးအသင်းအဖွဲ့တွေက အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ထမင်းဘူးတွေ ပေးဝေနေတယ်။ တတ်နိုင်သလောက်လှူတာလေ။ တနပ်စာပဲရတယ် လိုအပ်တာပေါ့ အဆင်မပြေဘူး''လို့ ပြောပါတယ်။

ကြံခင်းမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး စာသင်ကျောင်းတွေထဲ ရေဝင်ရောက်လာလို့ ဇူလိုင် ၁၈ ရက်က စတင်ပြီး စာသင်ကျောင်း ၉ ကျောင်းပိတ်လိုက်ရတယ်လို့ ပညာရေး ဝန်ထမ်းတွေ ဆီကသိရပါတယ်။

ဒါ့အပြင် ကြံခင်းမြို့နယ်မှာ ဒီနေ့ ဇူလိုင်လ ၂၂ ရက်မှာလည်း မိုးအဆက်မပြတ်သွားနေပြီး ကြံခင်း-ဆိပ်သာကား လမ်းပေါ်ရေကျော်လွန်ရောက်ရှိလာလို့ ကားလေးတွေနဲ့ ဆိုင်ကယ် ဖြတ်သန်းသွားလာမယ်ဆိုရင် စက်ရပ်ပြီးတော့ လူအင်အားသုံးတွန်းပြီးမှ ဖြတ်သန်းသွားလာနေရ တယ်လို့ သိရပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်မှာလည်း ဇူလိုင် ၆ ရက်ကစတင်ကာ ချင်းတွင်းမြစ်ရေနဲ့ ဧရာဝတီမြစ်ရေ မြင့်တတ်မှုကြောင့် ကျေးရွာပေါင်း ၁၃၀ ရေဘေးသင့်ခဲ့ရပြီး ပြည်သူ ၁ သိန်းကျော် ရေဘေးသင့်ခဲ့ရတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ရေဘေးသင့်ပြည်သူတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်း စာသင်ကျောင်းနဲ့ အထပ်မြင့် အဆောက်အဦးတွေမှာ စုပေါင်း နေထိုင်နေကြရတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၈ ရက်နေ့လောက်ကစလို့ ၂ ပေနီးပါး ရေပြန်ကျနေပြီး မြစ်ကမ်းဘေးကျေးရွာ ၁၀၀ ကျော်လောက်က ပြည်သူတွေကတော့ နေအိမ်ပြန်လို့ မရသေးဘူးလို့ သိရပါတယ်။

မြို့နယ်ပအဖ တာဝန်ရှိသူက“ရေက တတောင်ကျော်ကျော်တော့ ကျသွားပြီ အတော်တော့ ကျန်သေးတယ်။ နွားတွေဘာတွေက မလွတ်သေးဘူး၊ ရှောင်နေကြတဲ့ ပြည်သူတွေက အိမ်မပြန်ရသေးဘူး။ စစ်ရှောင်စခန်းက လူတွေလည်း ထပ်ရှောင်နေရတုန်းပဲလေ၊ ရေကထပ်တက်မယ့်အနေအထားရှိနေသေးတယ်” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ ရေနစ်မြုပ်မှုကြောင့် ပဲတီစိမ်း၊ မတ်ပဲနဲ့ ကြက်သွန်စိုက်ဧက ၁၀၀၀၀ ကျော်လည်း ပျက်စီးခဲ့ပြီး တောင်သူတွေ အခက်အခဲကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

ဒေသခံတဦးက “မြို့နယ်ရဲ့ ၃ ပုံ ၁ ပုံ ရေမြုပ်သွားတာလေ၊ ရေပြန်ကျတော့ စိုက်ခင်းတွေတော့ ပြန်ပေါ်ပါတယ် သေတော့ သေကုန်ပြီပေါ့၊ ဒီဘက်တော့ ပဲမျိုးစုံနဲ့ ကြက်သွန်အဓိက စိုက်ကြတာဘဲ၊ စာရင်းတွေအရတော့ ဧကပေါင်း ၁၀,၀၀၀ ကျော်ကတော့ ပျက်စီးသွားပြီ” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်က ရေဘေးသင့်ပြည်သူတွေဟာ တိမ်းရှောင်နေကြရတာ ၁၀ ရက်ကျော်ပြီ ဖြစ်တဲ့အတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013