Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်တွင် ညမထွက်ရအမိန့် ဖြေလျှော့ပြီး စီးပွားရေး ပြန်လည်ပတ်
DVB
·
July 22, 2024
Photo - Reuters

ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က အစိုးရအလုပ်ခွဲတမ်းအများစုကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် ညမထွက်ရအမိန့်တွေ ဖြေလျှော့လိုက်လို့ ဒါကာမြို့တော်မှာ ဇူလိုင် ၂၁ ရက်က စီးပွားရေး ပြန်စတင် လည်ပတ်ခဲ့ပါတယ်။

ဇူလိုင် ၁၉ ရက်က အစိုးရက အမိန့်ပေးထားတဲ့ ညမထွက်ရအမိန့်ကို ဖြေလျှော့ပြီးနောက် ဒါကာ ကုန်စုံဆိုင်မှာ စျေးဝယ်သူတွေနဲ့ စည်ကားနေတယ်လို့ ဆိုင်ရှင်က ပြောပါတယ်။

တောင်အာရှနိုင်ငံမှာ လူ ၁၁၄ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် ကျောင်းတွေအကုန်ပိတ်ပြီး ညမထွက်ရအမိန့် ထုတ်ခဲ့ရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က အစိုးရ အလုပ်အကိုင်ခွဲတမ်း အများစုကို ဇူလိုင် ၂၁ ရက်မှာ ပယ်ဖျက်လိုက်ပါတယ်။

အစိုးရအလုပ်တွေရဲ့ ၉၃ ရာခိုင်နှုန်းကို ခွဲတမ်းစနစ်နဲ့ မဟုတ်ဘဲ အရည်အချင်းပြည့်မီတဲ့ လုပ်သားသစ်တွေအတွက် လမ်းဖွင့်ပေးသင့်တယ်လို့ တရားရုံးချုပ်ရဲ့ အယူခံဌာနက ညွှန်ကြားခဲ့တယ်လို့ ရှေ့နေချုပ် AM အာမင် အူဒင်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ပါကစ္စတန်ဆီက လွတ်လပ်ရေးတိုက်ပွဲအတွင်း ဝင်တိုက်ပေးခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ မိသားစုတွေအတွက် အစိုးရဝန်ထမ်း အလုပ်နေရာ ၃၀ ရာခိုင်နှုန်းကို သီးခြားဖယ်ထားရတဲ့ ခွဲတမ်းစနစ်ကို ဆန့်ကျင်ပြီး ကျောင်းသားတွေက ဦးဆောင်ရင်း ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့တာပါ။

၂၀၁၈ မှာ ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ အစိုးရလက်ထက်က ဒီစနစ်ကို ပယ်ဖျက်ခဲ့ပေမဲ့ အစိုးရဝန်ထမ်း ရာထူးနေရာ ၅၆ ရာခိုင်နှုန်းကို စစ်မှုထမ်းဟောင်းတွေရဲ့ မိသားစုအတွက် ဖယ်ထားဖို့ အောက်ရုံးက အရင်လက ပြောင်းလဲသတ်မှတ်ခဲ့လို့ ဆန္ဒပြပွဲတွေနဲ့ အဓိကရုဏ်း ဖြိုခွင်းမှုတွေ ပေါ်ပေါက်ခဲ့ရတာပါ။

အောက်ရုံးရဲ့အမိန့်ကို ပယ်ချပြီး အစိုးရတရားရုံးချုပ်က အမိန့်ကို ပြောင်းလဲချမှတ်ခဲ့တာ ဖြစ်ပါတယ်။

တရားရုံးချုပ်က ဆုံးဖြတ်ချက်ချပြီးတဲ့နောက် တရားရုံးချုပ်အနားက လမ်းတွေ ငြိမ်သက်သွားပြီး မြို့တော် ဒါကာတခွင်မှာ စစ်တပ်အဖွဲ့တွေ ဖြန့်ကျက် တာဝန်ချထားခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေတဦးက ပြောပါတယ်။

စစ်ဘက်ဆိုင်ရာ တင့်ကားတစီးလည်း တရားရုံးချုပ်ဝင်ပေါက် အပြင်ဘက်မှာ တပ်စွဲထားပါတယ်။

အလုပ်ခွဲတမ်းနဲ့ပတ်သက်ပြီး တရားရုံးချုပ်မှာ ကြားနာဖို့ အာဏာပိုင်တွေက စောင့်နေချိန်မှာ အစိုးရက ညမထွက်ရအမိန့်ကို သက်တမ်းတိုးခဲ့ပါသေးတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေရဲ့ ဗဟိုဖြစ်တဲ့ ဒါကာမြို့ရဲ့ လမ်းတွေပေါ်မှာ စစ်သားတွေက ကင်းလှည့်နေကြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013