Home
မြန်မာသတင်း
ရေဖြူရဲစခန်းနှင့် ထွေအုပ်ရုံးဝန်ထမ်းများ ထွက်ပြေးသွားသဖြင့် စစ်တပ်က လုံခြုံရေးတင်းကျပ်
DVB
·
July 22, 2024

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မြို့မရဲစခန်းက ရဲ ၂ ဦးနဲ့ ထွေအုပ်ရုံးက အမျိုးသမီးတဦး ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်သားတွေက အပူတပြင်းရှာဖွေနေပြီး မြို့တွင်းလုံခြုံရေးလည်း တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဖြူမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး သက်ပိုင်မှူး၊ တပ်ကြပ်ဇော်ထွေးနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အငယ်တန်းစားရေးမသင်ဇာအောင်တို့ဟာ ဇူလိုင် ၁၈ ရက်က ထွက်ပြေးသွားခဲ့ပါတယ်။

ရဲ ၂ ဦး နဲ့ ထွေအုပ်ဝန်ထမ်းတဦးတို့ ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီက မြို့တွင်းမြို့ပြင် လုံခြုံရေးကိုတင်းကျပ်ခဲ့သလို ရေဖြူ‌အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကလည်း ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စပြီးထွက်ပြေးကတည်းက သတင်းမပေါက်ကြားအောင် ကျိတ်ပြီးရှာနေကြတာ။ စစ်သားတွေကလည်း အနီးတဝိုက် လိုက်ရှာ‌တာတွေရှိသလို မြို့ဝင်မြို့ထွက်ကိုပိတ်ပြီး စစ်ဆေးတာတွေလည်း ရှိတယ်။ မြို့ထဲမှာသွားရင်တောင်ဘယ်ကို သွားမှာလဲ၊ ဘာလုပ်မှာလဲ မေးသလို မှတ်ပုံတင်တွေလည်း စစ်တယ်။ ရဲ ၂ ဦးနဲ့ ထွေအုပ်တယောက်ထွက်ပြေးပြီးကတည်းက နောက်ထပ်ဌာနဆိုင်ရာ ဝန်ထမ်းတွေ ထပ်ထွက်မပြေးအောင် မြို့ထဲမှာ လုံခြုံရေးတင်းကျပ်လိုက်တယ်။” 

ရေဖြူမြို့မရဲစခန်းက ရဲ ၂ ဦးနဲ့ ထွေအုပ်ရုံးမှ ဝန်ထမ်းတဦး ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီက အပူတပြင်းလိုက်ရှာနေတယ်ဆိုတာပဲသိရပြီး လိုအပ်ရင်တော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်သွားမယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တာဝန်ခံက ပြောပါတယ်။

“ရဲ ၂ ဦးနဲ့ ထွေအုပ်ဝန်ထမ်းတဦးထွက်ပြေးသွားလို့ စစ်ကောင်စီတပ်ဖွဲ့တွေက လိုက်ရှာနေပါတယ်။ ကျန်တာတော့ လိုအပ်ရင် သက်ဆိုင်ရာအဖွဲ့အစည်းက ထုတ်ပြန်လိမ့်မယ်ထင်ပါတယ်ခံဗျာ။ ကျနော်တို့ကလဲ ပြောမိတာတွေက ပိုသွားတာမျိုးဆို အဆင်မပြေဘူး။ ရေဖြူအခြေစိုက်တပ်ရင်းတွေကတော့ အပူးတပြင်းရှာဖွေနေပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်က ရေဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ်တဦးကို ရေဖြူမြို့နယ်အတွင်းမှာပဲ G3 ကျည်ဘောက်တခု၊ ဖုန်းတလုံး၊ ကွန်ပြူတာတလုံးနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်း‌ဆီးရမိခဲ့ပါတယ်။

ဇူလိုင် ၃ ရက်မှာလည်း ရေဖြူမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြောက်ကျားနည်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013