မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ ရောင်းချမှုဆိုင်ရာ ခွင့်ပြုချက်အားလုံးကို နိုင်ငံတော်အဆင့် လက်နက်ထိန်းချုပ်ရေးကော်မတီ (NCACC) အနေနဲ့ ပြန်လည် သုံးသပ်သွားဖို့နဲ့ ဆိုင်းငံ့သွားဖို့ တောင်အာဖရိကနိုင်ငံ တရားရုံးက ဇူလိုင် ၁၉ ရက်မှာ အမိန့်ချမှတ်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေက ပြောပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေကို ကိုယ်စားပြုတဲ့ အာဖရိကတောင်ပိုင်း တရားစွဲဆိုရေးစင်တာ (SALC) က လက်နက်တင်ပို့ ရောင်းချမှုနဲ့ပတ်သက်တဲ့ တိုင်ချက်တခုကို ၂၀၂၂ ခုနှစ်မှာ အမှုဖွင့်ပြီးတဲ့နောက် တောင်အာဖရိကရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ ပရီတိုးရီးယားရှိ အဆင့်မြင့်တရားရုံးက အခုလို အမိန့်ချမှတ်ခဲ့တာလို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး AFP သတင်းဌာနမှာ ဖော်ပြပါတယ်။
SALC အဖွဲ့ဟာ အာဖရိကတောင်ပိုင်းနိုင်ငံတွေမှာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်နိုင်ဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။
တရားရုံးရဲ့ အမိန့်ထုတ်ပြန်ချက်မှာ လူမျိုးတုံးသတ်ဖြတ်မှု ဒါမှမဟုတ် စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ သံသယရှိတဲ့ တခြားအစိုးရတွေနဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီထံသို့ လက်နက်တင်ပို့မှုတွေကို ပြန်လည် သုံးသပ်ပြီး ဆိုင်းငံ့သွားဖို့နဲ့ နောက်ဆုံး ပယ်ဖျက်သွားဖို့ NCACC ကို တောင်းဆို ထားပါတယ်။
SALC တာဝန်ရှိသူတဦးဖြစ်တဲ့ အက်တီလာ ကစ်စလာက “တောင်အာဖရိကအတွင်း လက်နက်ကုန်သွယ်ရာမှာ တာဝန်ယူမှု၊ တာဝန်ခံယူ ပိုရှိဖို့အတွက် ဒီအမိန့်ထုတ်ပြန်ချက်က တကယ့်ကို အရေးပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း တောင်အာဖရိကနေ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ရောင်းချမှု ပမာဏဟာ ဒေါ်လာ ၁၁ ဒသမ ၉ သန်း တန်ဖိုးရှိကြောင်း SALC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချကာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးကတည်းက တောင်အာဖရိကဟာ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ရပ်ဆိုင်းခဲ့ပါတယ်။
Source:AFP