စစ်ကောင်စီက Black Lists ကနေ ပယ်ဖျက်ပေးမယ်ဆိုပြီး ပြန်ခေါ်လို့ လုပ်ငန်းခွင်ဝင်ခဲ့တဲ့ CDM ဝန်ထမ်းအချို့ကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးကာ စစ်ကြောရေးကို ပို့လိုက်တယ်လို့ ဝန်ထမ်းအသိုက်အဝန်းက သိရပါတယ်။
အာဏာသိမ်းခဲ့တဲ့ စစ်တပ် လုပ်ရပ်ကို မကြိုက်လို့ CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီက ဇူလိုင် ၁၂ ရက်က Black Lists ကနေ ပယ်ဖျက်ပေးမယ်ဆိုပြီး ထုတ်ပြန်ကြေညာခဲ့တာပါ။
CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေအနေနဲ့ မိမိလုပ်ခဲ့တဲ့ အလုပ်ဌာနတွေမှာ ဇူလိုင် ၁၅ ရက်ကစပြီး သတင်းပေးပို့ခဲ့ရာ ဇူလိုင် ၁၆ နဲ့ ၁၇ ရက်မှစတင်ကာ စစ်တပ်နဲ့ထောက်လှမ်းရေးအဖွဲ့တွေက စစ်ကြောရေးမှာ ခေါ်ယူစစ်ဆေးနေတာလို့ မိသားစုဝင်တဦးက DVB ကို ပြောပါတယ်။
“ဘာမှမလုပ်ဘူး။ ဌာနကို အကြောင်းကြားရုံပဲ၊ နိုင်ငံတော်ရဲ့လိုအပ်ချပ်အရ ဆိုပြီး ဌာနကပြောလို့ ယုံပြီးသွားတဲ့အချိန်မှာ ရုံးခန်းမှာ ခဏစောင့်ခိုင်းပြီး စစ်တပ်နဲ့ ရဲတွေက လာခေါ်သွားတယ်၊ ဘယ်ကို ခေါ်သွားလဲဆိုတော့ ရွာတော်စစ်ကြောရေးကို ခေါ်သွားတာ အခုထိ ပြန်မလွှတ်ဘူး။”
ဌာနဆိုင်ရာရောက်မှ စစ်တပ်နဲ့ထောက်လှမ်းရေးက ခေါ်ဆောင်သွားတာရှိသလို မိခင်ဌာန မရောက်ခင် လမ်းတဝက်ကနေ ဖမ်းဆီးသွားတာလည်းရှိတယ်လို့ တောင်ငူခရိုင်နေသူတဦးက DVB ကို ပြောပါတယ်။
“ကျမတူမလေးက သူနာပြု CDM လုပ်ထားတာ၊ အဲဒီကြေညာချက်တွေ့တော့ ယုံပြီးပြန်လာတယ်။ ပြန်လာတဲ့နေ့ ဖုန်းဆက်တယ်၊ ကားဂိတ်ရောက်တော့ ကားပေါ်က ဆင်းတယ်ဆိုပဲ စစ်တပ်က လာခေါ်သွားတယ်။ ကျမတို့ဖုန်းဆက်တော့ တိုင်းစစ်ဌာနချုပ်က စစ်သားတယောက်က ကိုင်တယ် စာရင်းသွင်းနေတယ်၊ နောက်တော့ စက်ပိက်သွားရော။”
စစ်ကောင်စီရဲ့စကားကို ယုံပြီး လုပ်ငန်းခွင်ပြန်ဝင်လာတဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ပဲခူးက CDM ၆ ဦးရှိပြီး လက်ရှိအခြေအနေမှာတော့ စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အရင်ကလည်း CDM လုပ်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ကြဖို့ အကြိမ်ကြိမ် ပြန်ခေါ်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့စကားကို မယုံကြည်တာကြောင့် ပြန်လည်ဝင်ရောက်သူနည်းပါးတယ်လို့ ဌာနဆိုင်ရာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။